News

POST TYPE

NEWS

ပုဂံဘုရားများကို ပြည်တွင်း၊ ပြည်ပ ဘုရားဖူးများ ဖူးမြော်ခွင့်ရရှိရန် ကြိုတင်ပြင်ဆင်
18-Jan-2021


ရန်ကုန်၊ ဇန်နဝါရီ  ၁၇ 

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ဘုရားပုထိုးများသို့ ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည်များအား ခွင့်ပြုချိန် တွင် Covid-19 စည်းကမ်းချက်များ နှင့် ဖူးမြော်ခွင့်ပြုနိုင်ရန်အတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနက သတင်းထုတ်ပြန်ထားသည်။ 

ဘုရားများသို့ ဖူးမြော်ခွင့် ဖြေလျှော့ ပေးလာပါက ပုဂံယဉ်ကျေးမှုအမွေအနှစ် ဒေသရှိ ဂေါပကအဖွဲ့များဖြင့် ထိန်းသိမ်း စောင့်ရှောက်လျက်ရှိသော ဘုရားပုထိုး ၁၉ ဆူနှင့် အထင်ကရဖြစ်သည့် ဘုရား ပုထိုး ၂၅ ဆူတို့ကို ကမ္ဘာ့ကပ်ရောဂါ Covid-19 ကူးစက် ပြန့်ပွားခြင်းမှ ကာကွယ်နိုင်ရန်  Coronavirus Disease 2019 (COVID –19) ကာကွယ်ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနတို့က ထုတ်ပြန်ထားသော စည်းကမ်း ချက်များနှင့်အညီ ဖူးမြော်ခွင့်ပြုနိုင်ရေး အတွက် ဒေသအုပ်ချုပ်ရေးအဖွဲ့များနှင့် ဆက်စပ်ဝန်ကြီးဌာနများက ကြိုတင် ပြင်ဆင်ဆောင်ရွက်နေခြင်း ဖြစ်သည်။ 

Covid-19 စည်းကမ်းချက် များနှင့်အညီ ဖူးမြော်ခွင့်ပြုနိုင်ရေး အတွက် ထီးလိုမင်းလိုဘုရားနှင့် အာနန္ဒာ ဘုရားတို့ ပြင်ဆင်ဆောင်ရွက်ထားမှု၊ ဖြေလျှော့ခွင့်ပြုလာပါက Covid-19 မကူးစက်နိုင်ရေးနှင့် ကြိုတင်ကာကွယ်ရေး တို့အတွက် စီစဉ်ဆောင်ရွက်ထားမှု၊ Online Registration နှင့် ကျန်းမာရေး စစ်ဆေးနိုင်မည့် စက်ကိရိယာများ ပြင်ဆင် ထားရှိပြီးစီးမှု၊ အဆင့်လိုက်ဖွင့်လှစ်ခွင့် ပြုနိုင်ရန် စီစဉ်နေခြင်းလည်း ဖြစ်သည်။ 

Covid19 ရောဂါဖြစ်ပွားမှု ကျဆင်းလာပြီး ဖြေလျှော့မှုများဖြင့် စေတီပုထိုးများသို့ လေ့လာဖူးမြော်ခွင့် ပြုပါက ဘုရားဖူးပြည်သူများနှင့် ဒေသခံ ပြည်သူများပါ ရောဂါကူးစက်မှုထိန်းချုပ် နိုင်ရန်အတွက် Social Distancing နှင့် အညီ စည်းကမ်းချက်ပညာပေးများ ဆောင်ရွက်ထားမှု၊ အကွာအဝေး သတ်မှတ်ချက်၊ ဘုရားတစ်ဆူချင်း၏ ခွင့်ပြုနိုင်မှုအရေအတွက်၊ ကူးစက်နိုင်မှု မရှိစေရန် အသိပေးနှိုးဆော်ချက်များ လည်း ဆောင်ရွက်ထားသည်။ 

အလားတူ ဘုရားတစ်ဆူချင်းစီ တွင် ဘုရားဖူးများ၏ ကျန်းမာရေးအတွက် အပူချိန်တိုင်းစက်များနှင့် ပစ္စည်းကိရိယာ များ ပြင်ဆင်ထားမှု၊ ဘုရားများ၏ ပရိဝုဏ် နှင့် ဂန္ဓကုဋီအကျယ်အဝန်းအလိုက် ခွင့်ပြုနိုင်မည့်လူဦးရေ တွက်ချက် သတ်မှတ်ကာ Auto Counting  စနစ် ဖြင့် ဆောင်ရွက်ရန် လျာထားထားပြီး CCTV ဖြင့်ပါ စနစ်တကျ ထိန်းသိမ်း ကြပ်မတ်နိုင်ရန် ဆောင်ရွက်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

S-09