News

POST TYPE

NEWS

အိန္ဒိယတွင် ကမ္ဘာ့အကြီးဆုံး ကိုဗစ်ကာကွယ်ဆေးထိုးပွဲကြီး စတင်
17-Jan-2021


ဒေလီ၊ ဇန်နဝါရီ ၁၆

ကမ္ဘာတစ်ဝန်း အကြီးမားဆုံး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးလုပ်ငန်းများကို အိန္ဒိယနိုင်ငံတွင် စတင်ခဲ့ပြီး စည်ပင် လုပ်သားတစ်ဦး နိုင်ငံအတွင်း ပထမဆုံး ကိုဗစ်ကာကွယ်ဆေး အထိုးခံရသူဖြစ်လာ ကြောင်း BBC သတင်းက ဖော်ပြသည်။ 

​ဝန်ကြီးချုပ် နာရိဒန္ဒာ မိုဒီ စတင် ခဲ့သော ကိုဗစ်ကာကွယ်ဆေးထိုးပွဲကြီး သည် ပြည်သူ ဦးရေ သန်း ၁၃၀ဝ ကျော် ကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးသွားမည် ဖြစ်သည်။

ကိုဗစ်တိုက်ထုတ်နိုင်ရေး ရှေ့တန်းတွင် ပါဝင်ဆောင်ရွက်နေသူများကို အသိ အမှတ်ပြုသည့်အနေဖြင့် ၎င်းတို့ကို ပထမ ဆုံး ထိုးပေးသွားမည်ဟု သိရသည်။

အိန္ဒိယနိုင်ငံသည် ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ဒုတိယအများဆုံးနိုင်ငံဖြစ်ပြီး အမေရိကန်ပြည် ထောင်စုသည် ကူးစက်ခံရသူ အများဆုံး ဖြစ်သည်။

အသုံးပြုခွင့်ရရှိထားသည့် ကိုဗစ် ကာကွယ်ဆေးနှစ်မျိုးဖြစ်သော Covishield နှင့် Covaxin ကိုဗစ်ကာကွယ်ဆေး သန်းချီ ပမာဏကို ကာကွယ်ဆေးများ စတင်ထိုးပေးနေသည့်အလျောက် နိုင်ငံ တစ်ဝန်းသို့ ပို့ဆောင်ခဲ့ကြသည်။

“ကျွန်တော်တို့ ကမ္ဘာ့အကြီးမားဆုံး ကိုဗစ်ကာကွယ်ဆေးထိုးပွဲကို စတင်နိုင်ခဲ့ပြီ ဖြစ်ပြီး အဲ့ဒဲလိုစတင်ခြင်းကြောင့်လည်း ကျွန်တော်တို့နိုင်ငံရဲ့ လုပ်နိုင်စွမ်းကို ကမ္ဘာ ကိုပြသနိုင်ခဲ့ပါပြီ”ဟု ဝန်ကြီးချုပ် မိုဒီက  ပြောခဲ့သည်။

“ဘယ်နေရာမှာ ဆေးထိုးနေသလဲ  ဆိုတာကို အစိုးရအနေနဲ့ စောင့်ကြည့်နိုင် ပြီး ဆေးမထိုးရသေးသူ တစ်ဦးတစ်ယောက် မှ မကျန်ခဲ့စေရအောင် ကူညီပေးမယ့်  အက်ပလီကေးရှင်းတစ်ခုရဲ့ အကူအညီကို  အသုံးပြုပြီးတော့ နိုင်ငံအတွင်း နေထိုင်သူ အားလုံးကို ကာကွယ်ဆေးထိုးပေးနိုင်ဖို့ ဆောင်ရွက်သွားမှာပါ”ဟု ဝန်ကြီးချုပ်  မိုဒီက ဖြည့်စွက်ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်သည် ဆရာဝန်များ၊ သူနာပြုများနှင့် အခြားရှေ့တန်းကျန်းမာ ရေးလုပ်သားများအကြောင်းကိုလည်း  ပြောကြားခဲ့ပြီး ၎င်းတို့သည် အမှောင် ကျချိန်တွင် အလင်းယူဆောင်လာပေး သူများဖြစ်သည်ဟု တင်စားဂုဏ်ပြုခဲ့ ကြသည်။ 

“လူသားတွေ အတွက်တာဝန်ထမ်း ဆောင်ပေးဖို့ သူတို့ချစ်ခင်ရတဲ့ မိသားစုတွေ  အဝေးမှာ နေကြရတယ်၊ အချို့ ထောင်ချီ ဆိုရင် အိမ်ကိုတောင် မပြန်ရပါဘူး၊ အခြား သူတွေကိုကယ်ဖို့ သူတို့အသက်ကို ပေးအပ် ထားကြရတယ်။ အဲ့ဒါကြောင့်လည်း ကျန်း မာရေးလုပ်သားအားလုံးကို ကိုဗစ်ကာ ကွယ်ဆေး အရင်ဆုံး ထိုးပေးမှာပါ၊ ဒါ ကျွန်တော်တို့ တတ်နိုင်တဲ့နည်းနဲ့ ဂုဏ်ပြု ချီးမြှောက်တဲ့ သဘောပါ”ဟုလည်း ဝန်ကြီးချုပ်မိုဒီက ရှင်းလင်းပြောကြားခဲ့သည်။

F-05