News

POST TYPE

NEWS

‘ရခိုင်ပြည်နယ်ရှိ မွတ်ဆလင် အသိုင်းအဝိုင်း’ ဟူသော အသုံးအနှုန်းကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ပွဲများ ရခိုင်တစ်ပြည်နယ်လုံး တစ်ပြိုင်တည်း ပြုလုပ်မည်
01-Jul-2016

ရန်ကုန်၊ ဇွန် ၃၀

အစိုးရသစ် လက်ထက်တွင် ရခိုင်ပြည်နယ် အတွင်းရှိ လူနည်းစု ဘာသာခြားများအပေါ် “ရခိုင်ပြည်နယ်ရှိ မွတ်ဆလင် အသိုင်းအဝိုင်း” ဟု သုံးနှုန်းခြင်းကို ကန့်ကွက်သည့်အနေနှင့် ရခိုင်ပြည်နယ်အတွင်း ဆန္ဒထုတ်ဖော်ပွဲများ တစ်ပြိုင်တည်း ပြုလုပ်ရန် ဒေသခံများနှင့် ရခိုင်အရပ်ဘက် အဖွဲ့အစည်းများက စီစဉ်လျက်ရှိသည်။

ရခိုင်ပြည်နယ်ရှိ မွတ်ဆလင် အသိုင်းအဝိုင်းဟူသော အသုံးအနှုန်းနှင့် ပတ်သက်ပြီး ဇွန်လ ၂၆ ရက်နေ့က စစ်တွေမြို့တွင် ရဟန်းသံဃာတော်များ၊ ပြည်သူလူထုများ ပါဝင်သော အစည်းအဝေးတစ်ရပ်ကို ပြုလုပ်ခဲ့ပြီးနောက် ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း စစ်တွေမြို့ရှိ ဒေသခံ ဦးသန်းထွန်းက ဆိုသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲများကို ရခိုင်ပြည်နယ်ရှိ မြို့နယ်အားလုံး (၁၇ မြို့နယ်) တွင် ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲတစ်နာရီ အချိန်တွင် တစ်ပြိုင်တည်း ပြုလုပ်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 
“ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်ဆိုရင် ရခိုင်ပြည်နယ်မှာရှိတဲ့ ဘင်္ဂါလီတွေကို သွယ်ဝိုက်သောနည်းနဲ့ လက်ခံတဲ့ သဘောကိုသက်ရောက်တယ်။ အဲဒီအတွက် ဆန္ဒထုတ်ဖော်ရတာ” ဟု ၎င်းက ရှင်းပြသည်။

ဆွစ်ဇာလန်နိုင်ငံ ဂျာနီဗာမြို့တွင် ကျင်းပခဲ့သော လူ့အခွင့်အရေး ညီလာခံတွင် မြန်မာနိုင်ငံ ကိုယ်စားလှယ်က နိုင်ငံတကာအနေနှင့် ရခိုင်ပြည်နယ်ရှိ မွတ်ဆလင် အသိုင်းအဝိုင်းဟု သုံးနှုန်းရန် တိုက်တွန်းခဲ့သည်။

ယင်းနောက် လူ့အဖွဲ့အစည်းနှစ်ရပ် အကြား ပြဿနာများကို ရှောင်ရှားလိုသည့်အတွက် “ရခိုင်ပြည်နယ်ရှိ မွတ်ဆလင် အသိုင်းအဝိုင်း” ဟု သုံးနှုန်းမည်ဖြစ်ကြောင်း အစိုးရကလည်း တရားဝင် ထုတ်ဖော်ပြောဆိုထားသည်။

သို့သော်လည်း အဆိုပါ အသုံးအနှုန်းကို လုံးဝလက်မခံကြောင်းနှင့် ဘင်္ဂါလီများဟုသာ ဆက်လက်ခေါ်ဝေါ် သုံးစွဲမည် ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ ANP ကလည်း သဘောထား ကြေညာချက် ထုတ်ပြန်ထားသည်။

ယင်းသို့ လူထုဆန္ဒ ထုတ်ဖော်ပွဲများ ပြုလုပ်ရန် စီစဉ်နေခြင်းနှင့် ပတ်သက်ပြီး ANP ပါတီမှ ဗဟိုအလုပ်အမှုဆောင် ဦးဖေသန်းကလည်း “ပြည်သူတွေကတော့ သူတို့ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ကြမှာပါ။ အစိုးရက အဲဒီ့အသုံးအနှုန်းကို ဆက်လက်သုံးစွဲနေရင် ရခိုင်လူထုကတော့ ဆက်လက်ကန့်ကွက်သွားဖို့ ရှိတယ်” ဟု မှတ်ချက်ပြုသည်။