News

POST TYPE

NEWS

နျူကလီးယားပညာရှင် သေဆုံးမှုအတွက် လက်စားချေမည်ဟု အီရန်ဘာသာရေးခေါင်းဆောင် ကြုံးဝါး
29-Nov-2020


တီဟီရန်၊ နိုဝင်ဘာ ၂၉ 

အီရန်နိုင်ငံတွင် အတော်ဆုံးနျူကလီးယားပညာရှင်ကို လုပ်ကြံသတ်ဖြတ်ခဲ့သည့်အပေါ် ပြန်လည်လက်စားချေသွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံ ဘာသာရေး ခေါင်းဆောင် အယာတိုလာအလီခါမေနီ က နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ပြောခဲ့သည်ဟု CNA သတင်းဌာနတွင် ဖော်ပြသည်။

ယင်းသို့ ကြုံးဝါးစိန်ခေါ်မှုသည် ဒေါ်နယ်ထရမ့်၏ ကျန်ရှိနေသေးသော သမ္မတသက်တမ်းအချိန်ကာလအတွင်း အီရန်နိုင်ငံအနေဖြင့် အစ္စရေးနိုင်ငံအပါအဝင် အနောက်နိုင်ငံတို့နှင့် ထိပ်တိုက်တွေ့ဆုံမှုအသစ်များဖြစ်ပေါ်စေရန် လှုံဆော်ပေးနေသဖွယ်ဖြစ်ခဲ့သည်။

အီရန်နိုင်ငံတွင် လက်နက်ထုတ်လုပ်သည့် လျှို့ဝှက်ပရောဂျက်ကို ဦးဆောင်သူမှာ လုပ်ကြံခံရသည့် နျူကလီးယားပညာရှင် မိုဟ်ဆန်ဖာကရီဇာဒါး ဖြစ်သည်ဟု အနောက်နိုင်ငံများနှင့် အစ္စရေးနိုင်ငံက စွပ်စွဲဖူးပြီး ယခုတွင် မိုဟ်ဆန်လုပ်လက်စအလုပ်ကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်းကို ဘာသာရေးခေါင်းဆောင် ခါမန်နီက ကတိပြုခဲ့သည်။

လက်ရှိအမေရိကန် သမ္မတအဖြစ် ရွေးချယ်ခံထားရသူ ဂျိုးဘိုင်ဒင် သမ္မတအိုဘားမား၏အစိုးရအဖွဲ့အတွင်းတွင်ရှိစဉ်က အီရန်နှင့် ဆွေးနွေးမှုများပြုလုပ်ပြီး တင်းမာမှုလျော့ပါးစေခဲ့ဖူးရာ ယခု ဘိုင်ဒင်တက်လာပါက အလားတူဆွေးနွေးမှုများဆက်လက်ပြုလုပ်ရန် အဟန့်အတား ဖြစ်လာခဲ့သည်။

လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်အပါအဝင် အခြားနိုင်ငံကြီးများနှင့် သဘောတူညီခဲ့သော ၂၀၁၅ နိုင်ငံတကာ နျူကလီးယားဆိုင်ရာ သဘောတူစာချုပ်မှ အမေရိကန်နိုင်ငံကို နုတ်ထွက်စေခဲ့သည်။ 

နျူကလီးယားလက်နက်နှင့် ပတ်သက်သော ကြိုးပမ်းအားထုတ်မှု တစ်ကြိမ်မှ မပြုလုပ်ဖူးကြောင်း ပြောဆိုခဲ့ဖူးသော အီရန်နိုင်ငံ၏ အာဏာအကြီးဆုံး ဘာသာရေးခေါင်းဆောင် ခါမေနီက “အီရန် ရဲတပ်ဖွဲ့သည် လုပ်ကြံသတ်ဖြတ်မှုကို အဖြေရှာဖွေပြီး ပြစ်မှုကျူးလွန်သူနှင့် စေခိုင်းသူ တို့ကို အပြစ်ပေးရန်သာ ကြိုးစားရမည်” ဖြစ်ကြောင်းကို တွစ်တာပေါ် ရေးတင်ခဲ့သည်။

ဖာကရီဇာဒါးသည် “ဂုဏ်သတင်း ကြီးမားသော နျူကလီယားနှင့် ကာကွယ်ရေးသိပ္ပံပညာရှင်”တစ်ဦးဖြစ်ပြီး “ရက်စက်သော ကြေးစားတပ်သားနှင့် ရာဇဝတ်သားများလက်ထဲတွင် အသက်ဆုံးရှုံးခဲ့ရခြင်း”ဖြစ်သည်ဟုလည်း ဘာသာရေး ခေါင်းဆောင် ခါမေနီက တွစ်တာပေါ်တွင်  ရေးသားခဲ့သည်။                  

F-05