News

POST TYPE

NEWS

ခွဲထွက်ရေးသူပုန်များသိမ်းပိုက်ထားသည့်ဒေသကို အီသီယိုးပီးယားစစ်တပ် ပြန်လည်သိမ်းပိုက်
29-Nov-2020


အဒစ်အဘာဘာ၊ နိုဝင်ဘာ ၂၉ 

အီသီးယိုးပီးယားနိုင်ငံမြောက်ပိုင်း တီဂရေးဒေသရှိ ခွဲထွက်ရေးသူပုန်များ သိမ်းပိုက်ထားသော နယ်မြေများကို အစိုးရစစ်တပ်က အပြည့်အဝထိန်းချုူပ်လိုက်ပြီ ဖြစ်ကြောင်း ဝန်ကြီးချုပ် အဘီအာမက်က ပြောကြားသည်။

အီသီယိုးပီးယားစစ်တပ်သည် တီဂရေးဒေသရှိ တီဂရေးပြည်သူ့လွတ် မြောက်ရေးတပ်ဦး(TPLF) ကသိမ်းပိုက်ထားသော မာကာလာမြို့ကို ဝင်ရောက် ထိုးစစ်ဆင်ခဲ့သည်ဟုဆိုသည်။ 

ဝန်ကြီးချုပ်အဘီအာမက်က ကြေညာချက်ထုတ်ပြန်ရာတွင် အီသီယိုးပီးယားစစ်တပ်သည် တီဂရေးဒေသတွင် နောက်ဆုံးပိတ်စစ်ဆေးရေးကြီးကို အပြီးသတ် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သည်ဟု ဖော်ပြသွားသည်။ 

“တီဂရေးဒေသမှာ စစ်ဆင်ရေးတွေ အဆုံးသတ်နိုင်ခဲ့ပြီဆိုတဲ့သတင်းကို ကျွန်တော့်အနေနဲ့ ဝမ်းပန်းတသာအသိ ပေးပြောဆိုလိုပါတယ်”ဟု ဝန်ကြီးချုပ် အဘီအာမက်ကဆိုသည်။

သို့သော် TPLF တပ်ဖွဲ့ခေါင်းဆောင်က ၎င်းတို့အနေနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရန် ဆက်လက်ကာကွယ်သွားမည် ဖြစ်ကြောင်း၊ ကျူးကျော်သူများကို အဆုံးထိ ရင်ဆိုင်တိုက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ 

TPLF က အစောပိုင်းတွင်ထုတ်ပြန် သောကြေညာချက်၌ တီဂရေးဒေသသို့ အီသီယိုးပီးယားစစ်တပ်က လက်နက်ကြီးများ၊ အမြောက်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနှင့် ကန့်ကွက်ရှုတ်ချပေးရန် ဖော်ပြထားခဲ့သည်။ 

တီဂရေးဒေသတွင် အရပ်သားပြည်သူ ငါးသိန်းနီးပါးခန့်နေထိုင်လျက်ရှိရာ ထိုးစစ်ဆင်မှုများကြောင့် ထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။ 

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ ဝန်ကြီးချုပ်အဘီအာမက်က “ဖျက်ဆီးခံရတာတွေ၊ ပျက်စီးသွားတာတွေကို ပြန်လည်တည်ဆောက်ပေးနိုင်ဖို့ ကျွန်တော်တို့လုပ်ကြရပါမယ်၊ ထွက်ပြေးသွားတဲ့သူတွေ အိမ်ပြန်နိုင်ဖို့လည်း လုပ်ပေးရမယ်”ဟု ပြောကြားသည်။ 

တီဂရေးဒေသတွင် တိုက်ပွဲများ မည်သို့မည်ပုံဖြစ်ပွားခဲ့သည်ဆိုသော အသေးစိတ်အချက်အလက်ကို စုံစမ်းရေးသားရန် သို့မဟုတ် အတည်ပြုရန် ခက်ခဲကြောင်း၊ အကြောင်းမှာ တယ်လီဖုန်းလိုင်းများ၊ မိုဘိုင်းကွန်ရက်များနှင့် အင်တာနက်ဆက်သွယ်မှုများအားလုံးကို ယင်းဒေသတွင် ဖြတ်တောက်ထားသောကြောင့်ဖြစ်ကြောင်း BBC သတင်းဌာန ကဆိုသည်။         

F-01