News

POST TYPE

NEWS

ကွတ်ခိုင်မြို့တွင် မင်းမဲ့စရိုက်ဆန်ဆန် ဓားခုတ်မှုများ ဆက်တိုက်ဖြစ်ပွားနေမှုကို ရှုတ်ချကြောင်း ကချင်အမျိုးသားပါတီ ကြေညာချက်ထုတ်
29-Nov-2020
ရန်ကုန်၊ နိုဝင်ဘာ ၂၉

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကွတ်ခိုင်မြို့၌ ဖြစ်ပွားခဲ့သည့် မင်းမဲ့စရိုက်ဆန်ဆန် ဓားဖြင့်ခုတ်သတ်ဖြတ်မှုကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ကချင်အမျိုးသားပါတီက နိုဝင်ဘာလ ၂၉ ရက်နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်ထားသည်။

ယင်းတစ်နေ့တည်းတွင် မင်းမဲ့စရိုက်ဆန်ဆန် သတ်ဖြတ်ရမ်းကားမှုနှစ်ခု ဖြစ်ခဲ့ကြောင်း၊ ဓားခုတ်သတ်ဖြတ်ခံရမှုကြောင့် အသက် ၂၀ အရွယ် မောင်ဆိုင်းလီ (ခ)ခေါင်ဝေ သေဆုံးခဲ့ပြီး အသက် ၁၈ နှစ် အရွယ် မောင်ညီညီ (ခ) မျိုးမင်းဇော်မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ ပြစ်မှုကျူးလွန်သူများကို တာဝန်ရှိသူများက အမြန်ဆုံးဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူပေးရန်နှင့် ပြစ်မှုကျူးလွန်သူများကို တရားစီရင်ရာတွင် မှန်မှန်ကန်ကန်ဆုံးဖြတ်ရန်၊ အများပြည်သူသိစေသော တရားစီရင်မှုပြုပေးနိုင်ရန် တိုက်တွန်းနှိုးဆော်ပါကြောင်း အဆိုပါ ကချင်အမျိုးသားပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

"ဖြစ်စဉ်က နှစ်ခုပါ၊ နေ့လယ်ပိုင်း ၂ နာရီခွဲမှာ တစ်မှု၊ ၃ နာရီခွဲမှာ တစ်မှု ဖြစ်တာ။ တရားခံတွေလည်း ဖမ်းမိထားပြီးပါပြီ၊ အသေးစိတ် အချက်အလက် သိရအောင် စစ်ဆေးနေပါတယ်" ဟု ကွတ်ခိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်မင်းထွန်းက ရှင်းပြသည်။

ကွတ်ခိုင်မြို့နယ်တွင် မင်းမဲ့စရိုက်ဆန်စွာဖြင့် ဥပဒေမဲ့ရမ်းကားမှုဖြစ်စဉ်သည် ယခင်ကာလများတွင်လည်း မကြာခဏဖြစ်ပေါ်လေ့ရှိသောကြောင့် အများပြည်သူအသက်အိုးအိမ်စည်းစိမ်လုံခြုံရေးအတွက် တရားဥပဒေစိုးမိုးရေးကဏ္ဍကို သက်ဆိုင်ရာက တိုးမြှင့်လုပ်ဆောင်ပေးရန် တိုက်တွန်းကြောင်း၊ ယခုဖြစ်စဉ် အမှုမှန်ဖော်ထုတ်ရာတွင် ဟန့်တားနှောင့်ယှက်မည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို ကချင်အမျိုးသားပါတီအနေဖြင့် လုံးဝ(လုံးဝ) ကန့်ကွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ကွတ်ခိုင်မြို့၊ အမှတ်(၅)ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် နိုဝင်ဘာလ ၂၈ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ဆိုင်ကယ်စီးနင်းနေသည့် အသက် ၂၀ အရွယ် ဆိုင်းလီအား လူသုံးဦးစီးလာသည့် ဆိုင်ကယ်ပေါ်မှ အမျိုးသားတစ်ဦးက အရိုးအသွား ၁၆ လက်မခန့်ရှိ ဓားဦးချွန်ဖြင့် ဦးခေါင်း နောက်စေ့ကို ခုတ်ခဲ့ရာမှ ဆိုင်းလီသေဆုံးခဲ့သည်။

အလားတူ ကွတ်ခိုင်မြို့၊ အမှတ် (၈)ရပ်ကွက်ရှိ ခြံဝင်းလွတ်တစ်ခုတွင် နိုဝင်ဘာလ ၂၈ ရက်တွင် မွန်းလွဲ ၃ နာရီခွဲခန့်က အသက် ၁၉ နှစ်အရွယ် ညီညီ (ခ) မျိုးမင်းဇော်အား အမည်မသိလူငယ်တစ်ဦးက အရိုးအသွား ၂၀ လက်မခန့်ရှိ ဓားဦးချွန်ဖြင့် ခုတ်ရာခုခံပြီး ထွက်ပြေး လာသဖြင့် ညာလက်ဖဝါးပြတ်ရှတစ်ချက်ရရှိခဲ့သဖြင့် ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း ကွတ်ခိုင်မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-08