News

POST TYPE

NEWS

စီမံကိန်းတူးမြောင်းကို ပိတ်ဆို့ငါးဖမ်းသဖြင့် ကျေးရွာလေးရွာ သောက်သုံးရေခက်ခဲ
29-Nov-2020


ပုသိမ်၊ နိုဝင်ဘာ ၂၉

ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်မှာရှိတဲ့ အမှတ်-၄ စီမံကိန်းတူးမြောင်းကို အင်းသားကြီးတွေကပိတ်ဆို့ပြီး ငါးဖမ်းနေတဲ့အတွက် ရေတွေညစ်ညမ်းနေပြီး ကျေးရွာလေးရွာမှဒေသခံများ သောက်သုံးရေရဖို့ခက်ခဲနေတယ်လို့ ဝါးခယ်မမြို့နယ် ကျုံပဒုတ်ကျေးရွာမှ ရပ်မိရပ်ဖ ဦးဇော်ဇော်သန်းက ပြောပါတယ်။

"အမှတ် ၄ တူးမြောင်းကို ဝါဆိုလကတည်းက ပိတ်လိုက်တာဖြစ်ပါတယ်၊ ဒီလိုပိတ်လိုက်တော့ ရေစီးရေလာမကောင်းတော့ပါဘူး။ တူးမြောင်းကို အင်းသားကြီးက ယင်းတွေနဲ့ပိတ်လိုက်တဲ့အတွက် ရေစီးရေလာမကောင်းတော့ဘဲ တူးမြောင်းတစ်လျှောက်ကပြည်သူတွေမှာ ဒုက္ခတွေ့နေပါတယ်၊ ရေတွေပုပ်ပြီး အနံ့အသက်လည်းမကောင်းတော့ ဒီရေကို သောက်သုံးနေရတဲ့ရွာသူ ရွာသားတွေလည်း ဒုက္ခတွေ့နေရပါတယ်" လို့ ဦးဇော်ဇော်သန်းက ပြောပါတယ်။

ဝါးခယ်မမြို့နယ် အမှတ် ၄ စီမံကိန်း တူးမြောင်းတစ်လျှောက်မှာ ကျုံပဒုတ် ချောင်းဝ၊ မနန်းတုတ်၊ အိုင်ကြီးနဲ့ အဒွန်း စတဲ့ ကျေးရွာတွေတည်ရှိပြီး တူးမြောင်းကရေကို အသုံးပြုသောက်သုံးနေရတယ်လို့ သိရပါတယ်။

ကျုံပဒုတ်ချောင်းဝမှာ အင်းသားကြီးတွေက တူးမြောင်းကို ယင်းတွေနဲ့ ပိတ်ဆို့ထားမှုကြောင့် စပါးခင်းအတွင်း ရေဝင်ကာ စပါးတွေရိတ်သိမ်းမရတော့ဘဲ ပျက်စီးကုန်တယ်လို့လည်း ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

ဧရာဝတီတိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စက်မှု၊ လက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးကို အခုကိစ္စနဲ့ပတ်သက်ပြီး ဆက်သွယ်ရာမှာတော့ "ကျွန်တော်တို့ ဒီကိစ္စကို မြေပြင်အခြေအနေကို ကြည့်လိုက်ပါ့မယ်၊ စစ်ဆေးပေးပါ့မယ်၊ ဒီလောက်ပဲပြောနိုင်ပါဦးမယ်၊ ဆောင်ရွက်ပေးပါ့မယ်" လို့ ပြောပါတယ်။

ဒေသခံတွေအနေနဲ့ တူးမြောင်းပိတ်ဆို့ထားတာကို သက်ဆိုင်ရာဌာနတွေဆီကို စာတင်ထားပေမယ့် ဒီကနေ့ အချိန်ထိ သက်ဆိုင်ရာက ပြေလည် အောင် ဖြေရှင်းပေးခြင်းမရှိသေးဘူးလို့လည်း သိရပါတယ်။

အမှတ် ၄ တူးမြောင်းကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လကနေ စတင်ပိတ်လိုက်တာကြောင့် တူးမြောင်းကိုမှီခိုပြီး လယ်ယာလုပ်ငန်းနဲ့ အသက်မွေးကြသူတွေ နေထိုင်တဲ့ကျေးရွာလေးရွာက ဒေသခံတွေနဲ့ လယ်ဧကလေးထောင်ကျော်ဟာ ရေစီးရေလာမကောင်းတာတွေ ဖြစ်ပေါ်လာနိုင် တဲ့အပြင် ကျန်းမာရေးထိခိုက်မှုတွရှိလာနိုင်တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။            

သူရိန် (VOM)