News

POST TYPE

NEWS

ကုန်တင်ယာဉ်များ အမြန်လမ်းပေါ်မောင်းနှင်ခွင့် ယနေ့စတင်ရုပ်သိမ်း
29-Nov-2020
တောင်ငူ၊ နိုဝင်ဘာ ၂၉

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် နှစ်လနီးပါး ယာယီသွားလာခွင့်ပြုပေးထားသည့် ကုန်တင်ယာဉ်ကြီးများ နိုဝင်ဘာ ၃၀ (ယနေ့) ည ၁၂ နာရီမှ စတင်ကာ ဖြတ်သန်းမောင်းနှင်ခွင့်ရုပ်သိမ်းလိုက်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။ 

ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းကာလဖြစ်သည့် အောက်တိုဘာ ၆ ရက်နေ့က စတင်ကာ ယာယီအစီအစဉ်များဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် ၁၂ ဘီးယာဉ်နှင့်အထက်ကုန်တင်ယာဉ်များကို ဖြတ်သန်းမောင်းနှင်ခွင့်ပြုခဲ့ရာမှ ယနေ့တွင် ပြန်ပိတ်သိမ်းလိုက်ခြင်း ဖြစ်သည်။

"ခွင့်ပြုချက်ပေးထားတဲ့ ပုပ်သိုးကုန်စည်တွေတင်တဲ့ ၁၂ ဘီးအောက်ကားတွေကိုတော့ ခွင့်ပြုပေးထားသေးတယ်။ တွဲကားလိုကားမျိုးတွေကိုပဲ ပြန် ရုပ်သိမ်းလိုက်တာ။ သတ်မှတ်ကာလပြည့်သွားလို့ပါ" ဟု အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ အင်ဂျင်နီယာမှူး ဦးကျော်မိုးဦးက ပြောကြားသည်။ 

ရောဂါကင်းရှင်းကြောင်းထောက်ခံ စာရရှိထားသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များကို ၁၂ တန်အထက် ကုန်တင်ကားများဖြင့် အောက်တိုဘာမှ နိုဝင်ဘာ ၃၀ ရက်နေ့အထိ သတ်မှတ်စည်းကမ်းအတိုင်း အမြန်လမ်းတွင် ဖြတ်သန်းမောင်းနှင်ခွင့်ပြုခဲ့ရာမှ ပြန်လည်ရုပ်သိမ်းလိုက်ခြင်းဖြစ်သည့်အတွက် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမြန်လမ်းမကြီးများဥပဒေဖြင့် အရေးယူခံရမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက အသိပေးထားသည်။ 

R-02