News

POST TYPE

NEWS

ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းမှ ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ဒေါ်လာနှစ်သိန်းဖိုးရိက္ခာများ ထောက်ပံ့မည်
29-Nov-2020
ရန်ကုန်၊ နိုဝင်ဘာ ၂၉

ဂျပန်နိုင်ငံ၊ နီပွန်ဖောင်ဒေးရှင်းမှ ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် အမေရိကန်ဒေါ်လာ နှစ်သိန်းတန်ဖိုးရှိ စားနပ်ရိက္ခာများနှင့် လိုအပ်သည့်ပစ္စည်းများ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ Yohei SASAKAWA ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၂၈ ရက်နေ့က တပ်မတော်ရဟတ်ယာဉ်ဖြင့် ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ခရီးစဉ်တွင် စစ်တွေမြို့ရှိ စစ်တွေဟိုတယ်တွင် ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌဦးစံကျော်လှ၊ ရခိုင်အမျိုးသားပါတီ ANP မှ ဥက္ကဋ္ဌ ဦးသာထွန်းလှတို့နှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။

အလားတူ Yohei SASAKAWA  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့ရှိ ဒေသခံပြည်သူများအား တွေ့ဆုံခဲ့ပြီး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များ၊ လက်ရှိကာလတွင် ဒေသတွင်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားမှုနှင့် ပတ်သက်သည့် အခြေအနေများကို မေးမြန်းခဲ့ကြောင်း သိရသည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲကျင်းပပြုလုပ်ရန် ဒေသခံများ၏ ဆန္ဒသဘောထားများကို ရင်းရင်းနှီးနှီး မေးမြန်းခဲ့ရာ ဒေသခံပြည်သူများကလည်း လက်နက်ကိုင်ပဋိပက္ခများ လျော့နည်းစေလိုကြောင်းနှင့် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးဖြစ်သည့် ရွေးကောက်ပွဲကို မိမိတို့ နယ်မြေတွင် ကျင်းပပြုလုပ်စေလိုကြောင်းဖြင့် ပြန်လည်ပြောကြားခဲ့သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌအနေဖြင့် ရခိုင်ပြည်နယ်ရှိ ရွေးကောက်ပွဲ မကျင်းပနိုင်သော မြို့နယ် ၉ မြို့နယ်တွင် ရွေးကောက်ပွဲများ ကျင်းပနိုင်ရေး ကိုယ်တိုင်သွားရောက် လေ့လာခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ရပ်တန့်ပြီး အေးချမ်းတည်ငြိမ်မှုရှိနေသဖြင့် ရွေးကောက်ပွဲ ပြုလုပ်မည်ဆိုပါက အခက်အခဲ တစ်စုံတစ်ရာရှိ/မရှိ သိရှိနားထောင်နိုင်ရန် လာရောက်ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲများ ရပ်တန့်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ကြားဝင်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ ထုတ်ပြန်ချက်အရ သိရသည်။   

S-08