News

POST TYPE

NEWS

ကနီမြို့နယ်ရှိ သစ်တောများအတွင်း သစ်ခိုးထုတ်နေမှုများကို ဖော်ထုတ်ဖမ်းဆီးမည်ဟုဆို
28-Nov-2020


မုံရွာ၊ နိုဝင်ဘာ ၂၈

ယင်းမာပင်ခရိုင် ကနီမြို့နယ်အပိုင်သစ်တောဧရိယာအတွင်း သစ်ခိုးထုတ်ယူနေမှုများနေသဖြင့် စုံစမ်းဖော်ထုတ် အရေးယူမည်ဖြစ်ကြောင်း ကနီမြို့နယ် သစ်တောဦးစီးဌာနက အသိပေးပြောဆိုသည်။ 

ယာကြီး-ကလေးဝသွားကားလမ်း ကီလိုမီတာ ၇၈ + ၅၀ဝ မှတ်တိုင်မရောက်မီ နတ်ထိပ်အနီးတွင် ပျဉ်းကတိုးတုံးနှင့် သစ်ယာတုံး ၁၁ တုံး ၊ သစ်ခွဲသား ၁၈ ချောင်း၊ နှစ်ဖက်ဆွဲလွှစင်နှစ်ခု၊ ယာယီတဲတစ်လုံး တွေ့ရှိထားသည်ဟု ဒေသခံများက ပြောဆိုနေမှုနှင့်ပတ်သက်၍ သစ်တောဦးစီးဌာနက အသိပေးပြောဆိုလိုက်ခြင်း ဖြစ်သည်။ 

ပျဉ်းကတိုးပင်ကို ယမန်နှစ်က ခုတ်လှဲခဲ့ပြီး သစ်ယာပင်အား ယခုနှစ်တွင် ခုတ်လှဲခဲ့ကာ လွှစင်တင်၍ ဖြတ်တောက် ခိုးထုတ်နေသည်ကို နိုဝင်ဘာလ ၂၇ ရက်နေ့က တွေ့ခဲ့ရကြောင်း ဒေသခံများအဆိုအရသိရသည်။

ကနီမြို့နယ် ယာကြီးအုပ်စု ဆင်ကပ်ချောင်းတစ်ဝိုက်တွင် ယာယီတဲငယ်များထိုးပြီး ကျွဲ၊ နွားများဖြင့် မိသားစုများပါ အုပ်စုဖွဲ့ နေထိုင်ကာ သစ်တောကြိုး ဝိုင်းနှင့် အလောင်းတော်ကဿပအမျိုးသား ဥယျာဉ်အတွင်းထိသွားလာ၍ သစ်ခိုးထုတ်နေသည်မှာ ဆယ်စုနှစ်မျှ ကြာမြင့်နေပြီဟု ယာကြီးရွာမတွင် နေထိုင်သည့် အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ပြောကြားသည်။ 

"သူတို့နေတာကြာပါပြီ။ ကျွန်တော်တို့အနေနဲ့ မျှစ်ချိုး၊ မှိုရှာ သွားဖို့ခက်ပါတယ်၊ သစ်တောပြုန်းတီးလာတော့ မိုးခေါင်မှုတွေ ကြုံရပြီး လယ်ယာလုပ်ငန်းမှာ မိုးရေ၊ ချောင်းရေမရလို့ စပါးမစိုက်ရတော့ လယ်လုပ်ငန်းထိခိုက်ပါတယ်"ဟု ၎င်းက ပြောဆိုသည်။ 

အဆိုပါသစ်ခိုးထုတ်မှုများနှင့် ပတ်သက်၍ ကနီမြို့နယ်သစ်တောဦးစီးမှူးရုံး တာဝန်ရှိသူများထံ စုံစမ်းမေးမြန်းရာ 

" ဘိနယ်တစ်ခုမှာ သစ်တောဝန်ထမ်း နှစ်ဦးပဲရှိတယ်။ မျက်စိလေးလုံး၊ ခြေထောက်လေးချောင်းက အကုန်မသိနိုင်ဘူး။ ပြည်သူလူထုပါဝင်ပြီး သတင်းပေး တိုင်ကြားလာရင် ချက်ချင်းအရေးယူဆောင်ရွက်ပါတယ်" ဟု သစ်တောဦးစီးမှူး ဦးမျိုးသူဝင်းက ဖြေကြားသည်။ 

ကနီမြို့နယ်အတွင်းရှိ ဆင်ကပ် ချောင်း၊ သံပုရာခြံ၊ ဖက်တဲ၊ သနပ်ချောင်း၊  အင်တိုင်းတော၊ ပေါက်အင်းတောင်၊ ပေါက်အင်းမြိုင်တို့ရှိ သစ်တောများအတွင်း ကျူးကျော်နေထိုင်သူများရှိနေ ကြောင်း၊ ယင်းသို့နေထိုင်မှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာအထက်ဌာနများသို့ တင်ပြထားကြောင်း ကနီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိုက်စိုးထွန်းက ပြောကြားသည်။ 

R-08