News

POST TYPE

NEWS

ပြည်သူ့ဆေးရုံကြီး ၄ ခုတွင် အဆင့်မြှင့်တင်ရေးစီမံကိန်းများ ဂျပန်အစိုးရပံ့ပိုးမှုဖြင့်လုပ်ဆောင်
28-Nov-2020


ရန်ကုန်၊ နိုဝင်ဘာ ၂၈

ဂျပန်အစိုးရပံ့ပိုးမှုဖြင့် ပြည်သူ့ဆေးရုံကြီး ၄ ခုတွင် အဆင့်မြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများနှင့် ရန်ကုန်ဆေးရုံကြီးတွင် အထူးကုဆေးရုံသစ် တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး က ပြောကြားသည်။

ဂျပန်နိုင်ငံ အစိုးရအထောက်အပံ့ဖြင့် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA) နှင့် ပူးပေါင်းဆောက်လုပ်ခဲ့သော မကွေးပြည်သူ့ဆေးရုံကြီးမှ သားဖွားမီးယပ်ရောဂါ နှင့် မွေးကင်းစကလေးကုသဆောင် ၃ ထပ်အဆောက်အအုံ လွှဲပြောင်းပေးအပ်မှု အခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဂျပန်နိုင်ငံ၏ ပံ့ပိုးမှုဖြင့် လက်ရှိတွင် ပြည်သူ့ဆေးရုံကြီး၊ လွိုင်ကော်မြို့၊ ပြည်သူ့ဆေးရုံကြီး၊ လားရှိုးမြို့နှင့် ပြည်သူ့ဆေးရုံကြီး၊ ထားဝယ်မြို့တို့၏ အဆင့်မြှင့်တင် ရေးစီမံကိန်းလုပ်ငန်းများနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့်တိုးချဲ့ ၇ ထပ်ဆောင်နှင့် နှလုံး၊ ဦးနှောက်နှင့် အာရုံ ကြောအထူးကုဆေးရုံသစ်ကြီး တည်ဆောက်ရေးလုပ်ငန်းများအပါအဝင် လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့ အဆင့်မြှင့်တင်ရေး စီမံကိန်းစီမံချက်အတွက် ဂျပန်နိုင်ငံအစိုးရ အထောက်အပံ့မှာ ဂျပန်ယန်းငွေ ၂,၂၈၁ သန်း ဖြစ်ကြောင်း ၎င်းဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မကွေးပြည်သူ့ဆေးရုံကြီးသည် ပြည်သူများ အားကိုးအားထားပြုကာ ကုသမှုခံယူလျက်ရှိသော ဆေးရုံကြီးဖြစ်သဖြင့် ဝန်ကြီးဌာနအနေနှင့် ဆေးရုံကြီးအား ခုတင် ၅၀ဝ ဆံ့ပြည်သူ့ဆေးရုံကြီးအဖြစ် အဆင့်တိုးမြှင့်ခဲ့ပြီး ဝန်ကြီးဌာနအနေနှင့် ဆေးရုံအတွက် ထပ်မံလိုအပ်သည့် MRIs (Magnetic Resonance Imaging) နှင့် CT (Computed Tomography) Scan စက်များအပါဝင် စက်ကိရိယာပစ္စည်းများကို မှာယူထားကြောင်း ပြည်ထောင်စုဝန်ကြီးဒေါက်တာ မြင့်ထွေးကပြောသည်။

သားဖွားမီးယပ်ရောဂါနှင့် မွေးကင်းစကလေးကုသဆောင် ၃ ထပ် အဆောက်အအုံကို တည်ဆောက်ပြီးစီးပြီးနောက် ဆေးပစ္စည်းကိရိယာများကိုလည်း ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံရုံးမှ Counselor Mr.Takimi Kazuyuki ကပြောကြားသည်။

လွှဲပြောင်းပေးအပ်ခဲ့သည့် 'သားဖွား မီးယပ်ရောဂါနှင့် မွေးကင်းစကလေးကုသဆောင် ၃ ထပ် အဆောက်အအုံ' တွင် သားဖွားနှင့် မီးယပ်ဆေးကုသဆောင်၊ မွေးကင်းစကလေးကုသဆောင်၊ အရေးပေါ်ဌာနနှင့် ခွဲစိတ်ခန်းတို့ ပါဝင်သည်။

S-09