News

POST TYPE

NEWS

လယ်သမားအချို့ ဆောင်းသီးနှံချေးငွေ မရသဖြင့် အခက်အခဲဖြစ်
28-Nov-2020
ပြည်၊ နိုဝင်ဘာ ၂၈ 

တောင်သူတွေကို ဆောင်းသီးနှံချေးငွေထုတ်ချေးရာမှာ အမှန်တကယ် သီးနှံစိုက်ပျိုးတဲ့ လယ်သမားအချို့ ချေးငွေမရရှိတာကြောင့် စိုက်ပျိုးစရိတ် အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။

၂၀၂၀ ပြည့်နှစ်အတွက် ဆောင်းသီးနှံချေးငွေထုတ်ချေးမှုကို ၂၀၁၉ ခုနှစ်က ထုတ်ချေးခဲ့တဲ့ လယ်ဧကတွေအတိုင်းသာ တိုင်းအဆင့်က ရန်ပုံငွေ ချထားပေးတာကြောင့် အရင်နှစ်ကတည်းက ချေးငွေမရှိခဲ့လို့ ထပ်တိုးတင်ပြလာတဲ့ တောင်သူအချို့ဟာ အခုနှစ်မှာလည်း ချေးငွေရရှိဖို့ မသေချာဘူးလို့ သိရပါတယ်။

"ပဲတွေ စလုပ်လို့ရပြီဆိုတဲ့ အချိန်ထဲက မတ်ပဲစိုက်လာတာ အခုထိပဲ။ ဆောင်းသီးနှံ ချေးငွေမရဖူးဘူး။ မနှစ်ကမရတော့ ဒီနှစ်မှာ ချေးငွေရဖို့ ပြောထားတယ်။ ဒါကို ပြီးခဲ့တဲ့ တန်ခူးလမှာ သူ့ကို ထပ်လာပြောဖို့ပြောပြီး ကြားထဲမှာ ဘာမှထပ်မပြောတော့ အဆင်ပြေပြီထင်ခဲ့တာ။ အခု ပိုက်ဆံထုတ်ချေးမယ်ဆိုတော့မှ နာမည်က ပါမလာပြန်ဘူး။ သူပြောတဲ့ တန်ခူးလမှာ သွားပြီး မပြောဖြစ်တဲ့ အချက်ပဲရှိတယ်။ အားလုံးက ပြောပြီးသား။ အဲ့ဒါကြောင့် အခုရရင် ထည့်ပေးပါဦးလို့ ထပ်ပြောထားရတယ်။ ထပ်တိုးရရင်တော့ ထည့်ပေးမယ်လို့ပြောတယ်။ အစိုးရ ချေးငွေရမှ လယ်သမားတွေ အသက်ရှူချောင်မယ်။ မဟုတ်ရင် စိုက်ပျိုးစရိတ်ကို ၁၀ ကျပ်တိုးနဲ့ ယူပြီး အရင်းလုပ်၊ အချိန်တန်သီးနှံကမထွက်၊ ဈေးကကျဆိုရင် လယ်လုပ်ရင်း ဆင်းရဲနေရတယ်" လို့ ပြည်မြို့နယ်၊ တွင်းဗြည်းအုပ်စု၊ ကြို့ရသာရွာမှ ဦးသိန်းဟံ ကပြောပါတယ်။

တောင်သူတွေအနေနဲ့ အစိုးရက ထုတ်ချေးပေးနေတဲ့ မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေ၊ ဆောင်းသီးနှံချေးငွေများကို ရယူလိုပါက ချေးငွေထုတ်ချေးမယ့် ကာလမတိုင်မီကတည်းက သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ဆက်သွယ်ပြီး စာရင်းပေးသွင်းဖို့ လိုအပ်တဲ့အပြင် စီမံကိန်း စိုက်ဧကထဲမှာ ပါဝင်ဖို့လည်း လိုအပ်တယ်လို့ ပြည်ခရိုင်၊ ပြည်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တာဝန်ရှိသူက ပြောပါတယ်။

"အခုငွေချေးချိန်မှ လာပြောတော့ ရန်ပုံငွေကချပြီးပြီ။ အမှန်က အစောကြီးထဲက ပြောရမှာပေါ့။ ကြိုပြောရင်တာ တင်တောင်းပေးလို့ရတယ်။ အခုလည်း တိုင်းမန်နေဂျာကိုတော့ ပြောထားတယ်။ နယ်အတိုးရရင်တော့ နောက်ထပ်ချေးချင် တဲ့သူတွေကို ချေးပေးလို့ရတယ်။ လုံးဝမရဘူး လို့တော့မပြောဘူး။ လက်ရှိကတော့ ချပေးထားတာကတော့ မနှစ်ကတောင်သူတွေပဲ အရင်ရဦးမယ်။ တိုးရနိုင်တယ်ဆိုရင် အသစ်တွေကို ချေးပေးလို့ရမယ်ပေါ့" လို့ ပြည်ခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမန်နေဂျာ ဒေါ်ညိုညိုစိန်က ပြောပါတယ်။

ဒါ့ကြောင့် ထပ်တိုးတင်ပြတောင်းဆိုလာတဲ့ တောင်သူတွေအနေနဲ့ ချေးငွေရရှိဖို့အတွက် တိုင်းအဆင့်ကို တင်ပြတောင်းခံပေးမှာဖြစ်ပေမယ့် ချေးငွေရရှိခြင်း၊ မရရှိခြင်းအပေါ်ကိုတော့ အတိအကျမသိနိုင်ဘူးလို့ ပြောပါတယ်။

လက်ရှိမှာတော့ ပြည်ခရိုင်ထဲက ဆောင်းသီးနှံချေးငွေ ပြန်လည်ဆပ်ပြီးသူတွေကို အခုနှစ် ၂၀၂၀ ဆောင်းသီးနှံချေးငွေအနေနဲ့ တစ်ဧကကို တစ်သိန်း ကျပ်နှုန်း စတင်ထုတ်ချေးနေပြီဖြစ်ပါတယ်။

ပြည်မြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေ အနေနဲ့ ကျေးရွာအုပ်စု ၃၃ အုပ်စုက တောင်သူ သုံးသောင်းနီးပါး၊ လယ်ဧက ၁၅၀ဝ၀ ကျော်ကို ဆောင်းသီးနှံ စိုက်ပျိုး စရိတ်ချေးငွေ ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ပြည်ခရိုင်မှာ ပြည်မြို့နယ်အပါအဝင် မြို့နယ်ခြောက်မြို့နယ်ရှိပြီး ဆောင်းရာသီ သီးနှံစိုက်ပျိုးမှုက နွေစပါး၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲကြီး၊ မြေပဲ၊ နှမ်း အနည်းငယ်စိုက်ပျိုးမှု ရှိတယ်လို့လည်း သိရပါတယ်။

သိင်္ဂီထွန်း (VOM)