News

POST TYPE

NEWS

ဧရာဝတီတိုင်းလွှတ်တော်က လစ်လပ်တရားသူကြီးချုပ်နှင့် တရားသူကြီးနေရာအတွက် အတည်ပြု
26-Nov-2020


ပုသိမ်၊ နိုဝင်ဘာ ၂၆ 

ဧရာဝတီတိုင်းတွင် လစ်လပ်လျက်ရှိသော တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တရားသူကြီးနေရာအတွက် တာဝန်ပေးအပ်ခံရမည့် ပုဂ္ဂိုလ်တို့၏ အမည်စာရင်းကို နိုဝင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်သည့် ဧရာဝတီတိုင်းလွှတ်တော်အစည်းအဝေးတွင် အတည်ပြုလိုက်ပြီဖြစ်သည်။

နိုင်ငံတော်သမ္မတက အဆိုပြုထားသည့်  ဧရာဝတီတိုင်းတရားလွှတ်တော် တရားသူကြီးချုပ်နှင့် တရားသူကြီးနေရာအတွက် တာဝန်ပေးအပ်ခံရမည့် ပုဂ္ဂိုလ်များ၏အမည်စာရင်းကို ဧရာဝတီတိုင်းလွှတ်တော်က အတည်ပြုခဲ့ပြီဖြစ်ကြောင်း တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က  The Voice Daily သို့ ပြောကြားသည်။

"လက်ရှိ တိုင်းတရားသူကြီးချုပ်က သက်ပြည့်ပင်စင်ဖြစ်သွားတော့ လစ်လပ်သွားတယ်။ လစ်လပ်နေရာကို တိုင်းတရားသူကြီးကို တာဝန်ပေးတာဆိုတော့ တိုင်းတရားသူကြီးနေရာက လစ်လပ်လာပြန်တယ်။ အဲဒီလစ်လပ် တိုင်းတရားသူကြီးနေရာကို တိုင်းတရားရေးဦးစီးမှူးကို တာဝန်ပေးဖို့ နိုင်ငံတော်သမ္မတက အဆိုပြုတာ" ဟု ၎င်းက ရှင်းပြသည်။

ဧရာဝတီတိုင်းတရားသူကြီးချုပ် ဦးသန်းထွန်းသည် သက်ပြည့်ပင်စင်ဖြစ်သွား၍ ၎င်း၏နေရာကို လက်ရှိ တိုင်းတရားသူကြီး ဦးမျိုးညွှန့်နှင့် နောက်ထပ် လစ်လပ်သွားသည့် တိုင်းတရားသူကြီးနေရာအတွက် တိုင်းတရားရေးဦးစီးမှူး ဒေါ်မိုးမိုးအေးတို့ကို တိုင်းလွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုအစိုးရ နိုင်ငံတော်သမ္မတက တိုင်းတရားသူကြီးချုပ်နှင့် တိုင်းတရားသူကြီးတို့ကို ခန့်အပ်ပြီးဖြစ်၍ လာမည့်သီတင်းတစ်ပတ်အတွင်း တိုင်း လွှတ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုရမည် ဖြစ်ကြောင်း ဧရာဝတီတိုင်းလွှတ်တော်ရုံး ထံမှသိရသည်။

R-04