News

POST TYPE

NEWS

ရွေးကောက်ပွဲတာဝန်ထမ်းဆောင်စဉ် ကိုဗစ်-၁၉ ပိုး ကူးစက်ခံရသော ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများကို ဆရာများအဖွဲ့ချုပ်က ကူညီမည်
24-Nov-2020
မန္တလေး၊ နိုဝင်ဘာ ၂၄

ပြီးခဲ့သောရွေးကောက်ပွဲကာလ မဲရုံတာဝန်ထမ်းဆောင်စဉ် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသော ဆရာ၊ ဆရာမ များနှင့် ပညာရေးဝန်ထမ်းများကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က တတ်စွမ်းသမျှကူညီမည်ဖြစ်ကြောင်း ယင်းအဖွဲ့ချုပ်က ထုတ်ပြန်သည်။

"ပညာရေးမိသားစုအချင်းချင်း အပြန်အလှန် ကူညီရိုင်းပင်းစာနာမှုပေးတဲ့အနေနဲ့ တတ်စွမ်းသမျှလုပ်ကြမယ်။ သင်တန်းတွေဖွင့်တုန်းက ဆရာ၊ ဆရာမ တွေလှူထားတဲ့ ရန်ပုံငွေလေးတွေရှိတယ်။ ဒီရန်ပုံငွေကနေ အစပြုကြည့်တာ။ စိတ်ဓာတ်ခွန်အားရစေဖို့ပါ။ မြန်မာ့ရိုးရာဓလေ့အရလည်း အိမ်မှာ တစ်ယောက်ယောက် နေထိုင်မကောင်းရင် ဆေးရုံသွားမယ်၊ လူနာမေးမယ်၊ စားစရာသောက်စရာ အစရှိသဖြင့် အပြန်အလှန်ကူညီတဲ့ သဘောပါပဲ"ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် အတွင်းရေးမှူးဒေါက်တာဇော်မျိုးလှိုင်က ပြောကြားသည်။

လတ်တလောတွင် ကိုဗစ်-၁၉ ရောဂါခံစားရ၍ ဆက်သွယ်လာသော ဆရာ၊ ဆရာမများရှိလာပြီဖြစ်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်ဝင်များမှတစ်ဆင့် ကူညီစာနာမှုပေးမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

မဲရုံတာဝန်ထမ်းဆောင်စဉ် ကိုဗစ်ပိုးကူးစက်ခံရသော ဆရာ၊ ဆရာမများ၊ ပညာရေးဝန်ထမ်းများအနေနှင့် ဒေါက်တာဇော်မျိုးလှိုင် (အတွင်းရေးမှူး- ဝ၉၇၈၁၉၀၇၀၆၁)၊ ဒေါ်သီတာ(ဝ၉၄၂၀၁၁၀၇၁၄)၊ ဒေါ်နီလာဝင်း (ဝ၉၄၄၄၀၃၉၄၄၀) ၊ ဦးအေးမင်းထိုက် (ဝ၉၂၅၀၄၂၇၀ဝ၈) တို့ထံ ဆက်သွယ်နိုင်သည်။

မြို့နယ်၊ ကျေးရွာအချို့တွင် ရွေးကောက်ပွဲတာဝန်ထမ်းဆောင်ခဲ့သည့် မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်အချို့ ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက်ခံရမှုများ ရှိခဲ့သည်။

S-02