News

POST TYPE

NEWS

နှစ်ပေါင်း တစ်ရာကျော်သက်တမ်းရှိ ရွှေလီကြိုးတံတားဟောင်း ပြိုကျ
23-Nov-2020
ရန်ကုန်၊ နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်-နမ့်ခမ်း-ဗန်းဗော်လမ်းပေါ်ရှိ နှစ်ပေါင်းတစ်ရာကျော်သက်တမ်းရှိ ရွှေလီကြိုးတံတားဟောင်းမှာ နိုဝင်ဘာလ ၂၃ ရက်နေ့ နေ့လယ် ၁၁ နာရီ ၄၅ မိနစ်ခန့်က ပြိုကျပျက်စီးခဲ့ကြောင်း တအာင်း (ပလောင်) အမျိုးသားပါတီ နမ့်ခမ်း မြို့နယ် ဒုဥက္ကဋ္ဌ-၁ ဦးဘသန်းက အတည်ပြုပြောကြားသည်။

အဆိုပါကြိုးတံတားသည် ကိုလိုနီလက်ထက်က တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀ဝ၆ ခုနှစ်၊ တံတားအသစ်တည်ဆောက်ပြီးချိန်မှ စတင်၍ ဖြတ်သန်းသွားလာခွင့်ပိတ်ထားခဲ့သည့် တံတားလည်းဖြစ်သည်။

ယင်းတံတားဟောင်းသည် အလျား ပေ ၂၀ဝ ကျော်ခန့်၊ အကျယ် ၁၂ ပေ ခန့်ရှိကာ မော်တော်ယာဉ်တစ်စီးသာ ဖြတ်၍ရကြောင်း၊ သံဘောင်များဖြင့် ပြုလုပ်ထားသည့် ကြိုးတံတားဖြစ်ပြီး တန်ချိန် ၂၀ သာ ဖြတ်သန်းသွားလာ ခွင့်ပြုသည့် တံတားဖြစ်ကြောင်း သိရသည်။

"တံတားအသစ်ပြီးကတည်းက ဖြတ်သန်းခွင့်မပေးဘဲ ပိတ်ထားတာ။ လူလည်း သွားလာခွင့်မပေးတော့ဘူး။ ဖြုတ်မယ်လို့တော့ပြောပြီး အခုထိ မဖြုတ်သေးတာ။ အဲဒီတံတားအဟောင်းက ကားကြီး ၂ စီးဆိုရင် ယှဉ်ဖြတ်လို့ မရဘူး။ တစ်စီးပြီးမှ တစ်စီးဖြတ်ရတာ။ အခုပြတ်ကျသွားတော့ အောက်မှာ တန်းလန်းကြီး ရေမြုပ်နေတာပေါ့၊ ဒီအတိုင်း သူ့ဘာသာသူ ပြတ်ကျတာပါ" ဟု ဦးဘသန်းက ရှင်းပြသည်။

အဆိုပါတံတားပြတ်ကျရာတွင် လူထိခိုက်မှုမရှိဘဲ သက်ဆိုင်ရာဌာနများမှ လာရောက်စစ်ဆေးလျက်ရှိကြောင်း၊ တံတားအသစ်နှင့် အဟောင်း သည် ပေ ၃၀ဝ ခန့် ကွာဝေးသဖြင့် တံတားအစောင့်အနေဖြင့် တစ်ဖက်စီတွင် တံတားအစောင့်များချကာ စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

S-08