News

POST TYPE

NEWS

ဗဟိုဘဏ်က ပြည်ပငွေလွှဲလိုင်စင် စထုတ်ပေး
23-Nov-2020
ရန်ကုန်၊ နိုဝင်ဘာ ၂၃

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က တရားမဝင်ငွေလွှဲလုပ်ငန်းများ တိုက်ဖျက်ရန်အတွက် ငွေကြေးဝန်ဆောင်မှုကုမ္ပဏီ ၅ ခုကို ပထမဆုံးအကြိမ်အဖြစ် ပြည်ပငွေလွှဲလိုင်စင် (Remittance Business License) ကို ထုတ်ပေးခဲ့ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။ 

ယင်းထုတ်ပေးသည့် လုပ်ငန်းများမှာ ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်သည့် OK Zune ၊ ဝါးခယ်မ၊ Top Shine နှင့် OKM ကုမ္ပဏီတို့ပါဝင်ပြီး ပြည်ပကုမ္ပဏီအဖြစ် ထိုင်းနိုင်ငံအခြေစိုက် 2C2P တို့ ဖြစ်သည်။

ဗဟိုဘဏ်သည် ပြည်ပငွေလွှဲလုပ်ငန်းများကို ယခင်ကဘဏ်များကိုသာ သီးသန့်လုပ်ကိုင်ခွင့်ပြုခဲ့ပြီး ယခုအခါ ပုဂ္ဂလိကကုမ္ပဏီများကို ပထမဆုံးအကြိမ် လုပ်ကိုင်ခွင့်ပေးခြင်းဖြစ်ပြီး ဗဟိုဘဏ်သည် ဟွန်ဒီလုပ်ငန်းများ ပပျောက်ရန် ရည်ရွယ်ချက်ဖြင့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်များကို ထုတ်ပေးမည့်အကြောင်း ကြေညာခဲ့ပြီး ပုဂ္ဂလိကကုမ္ပဏီများကို လိုင်စင်လျှောက်ထားရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

လိုင်စင်ရရှိထားသည့် ကုမ္ပဏီများအနေဖြင့် လိုင်စင်ရသည့်နေ့မှစတင်၍ ၃ လအတွင်း ပြည်ပငွေလွှဲလုပ်ငန်း စတင်ဆောင်ရွက်ရမည်ဖြစ်ပြီး ယင်းငွေလွှဲ လုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီထူထောင်ထားရမည်ဖြစ်ကာ တရားဝင်အခွန်ဆောင်ထားသည့် ကျပ်ငွေသန်း ၁၀ဝ ကိုလည်း နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲခွင့် လိုင်စင်ရှိဘဏ်တွင် စာရင်းဖွင့်အပ်နှံထားရမည်ဖြစ်သည်။

ထို့ပြင် ပြည်ပသို့ ငွေလွှဲပေးပို့ရာတွင် တစ်ကြိမ်လျှင် အမေရိကန်ဒေါ်လာ ၁,ဝဝဝ နှင့်ညီမျှသည့် ကျပ်ငွေကိုသာ ခွင့်ပြုထားပြီး လူပုဂ္ဂိုလ်တစ်ဦးလျှင် တစ်လကို အမေရိကန်ဒေါ်လာ ၅,ဝဝဝ အထိသာ ငွေလွှဲခွင့်ပြုသွားမည်ဖြစ်သည်။

J-03