News

POST TYPE

NEWS

ဥရောပတစ်လွှား ကိုဗစ်ဒုတိယလှိုင်း အားကောင်းလာချိန် ပြင်သစ်နှင့်ဂျာမနီ လော့ခ်ဒေါင်းပြန်ချ
29-Oct-2020


ဘာလင်၊ အောက်တိုဘာ ၂၉

ဆောင်းမဝင်မီ ဥရောပတစ်လွှား ကိုဗစ်ဒုတိယလှိုင်းအားကောင်းလာချိန် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်နှင့် ဂျာမန်အဓိပတိ အင်ဂလာမာကဲလ်တို့က ၎င်းတို့ နိုင်ငံအသီးသီးကို အောက်တိုဘာလ ၂၈ ရက်နေ့တွင် လော့ခ်ဒေါင်းပြန်ချလိုက်ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။

ယခုနှစ်အတွင်း ကမ္ဘာ့စီးပွားရေးကျဆင်းမှုဖြစ်ပေါ်စေခဲ့သည်အထိ သက်ရောက်မှုကြီးခဲ့သော တစ်နိုင်ငံလုံးအတိုင်းအတာ အသွားအလာကန့်သတ်မှုမျိုးကို ဥရောပ၏ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံနှစ်ခုက ပြန်လည်ချမှတ်လိုက်အပြီးတွင် ကမ္ဘာ့စတော့ဈေးကွက်မှာလည်း ထိုးကျသွားခဲ့သည်။

"ဗိုင်းရပ်စ်က အဆိုးအမြင်ဆုံးခန့်မှန်းချက်မှာတောင် မျှော်လင့်မထားတဲ့ အမြန်နှုန်းမျိုးနဲ့ ပျံ့နှံ့နေပါတယ်။ ကျွန်တော်တို့အိမ်နီးချင်းနိုင်ငံတွေ အားလုံးလိုပဲ၊ ဗိုင်းရပ်စ်ကူးစက်မှုရုတ်တရက် အရှိန်မြင့်မားလာတာနဲ့ ရင်ဆိုင်နေရပါတယ်" ဟု သမ္မတမက်ခရွန်က ရုပ်သံမိန့်ခွန်း ပြောကြားခဲ့သည်။

"ပထမအကျော့ထက်ပိုအသေ အပျောက်များပြီး ပိုခက်ခဲမယ်လို့ယူဆရတဲ့ ဒုတိယလှိုင်း ဝင်ရောက်မှုနဲ့ ကျွန်တော်တို့ အားလုံးရင်ဆိုင်နေရပါတယ်။ ဒါကြောင့် ဗိုင်းရပ်စ်ကို ရပ်တန့်ဖို့ရာ လော့ခ်ဒေါင်းပြန်ချဖို့လိုတယ်လို့ ကျွန်တော်ဆုံးဖြတ်လိုက် ပါတယ်"ဟု မက်ခရွန်က ပြောကြားခဲ့သည်။

ယခုအပတ်သောကြာနေ့တွင် စတင်သက်ဝင်သည့် ကန့်သတ်ချက်များအရ ပြင်သစ်နိုင်ငံတွင်း မရှိမဖြစ်ကုန်စည် ဝယ်ယူမှု၊ ဆေးကုသမှုနှင့် တစ်နေ့လျှင် တစ်နာရီအထိသာ လေ့ကျင့်ခန်းလုပ်ရန် အပြင်ထွက်မှုမှအပ ပြည်သူအားလုံးနေအိမ်၌သာနေထိုင်ရမည်ဖြစ်သည်။

အိမ်မှလုပ်၍မရသော အလုပ်များကိုမူ ဆက်လက်သွားရောက်ခွင့်ပေးထားမည်ဖြစ်သလို ကျောင်းများကိုလည်း ဆက်ဖွင့်ထားမည်ဖြစ်သည်။

နေအိမ်ပြင်ပ ထွက်ခွာသူတိုင်း အဘယ့်ကြောင့်သွားလာရသည်ကို ဖော်ပြသော စာရွက်စာတမ်းအထောက်အထား လိုအပ်မည်ဖြစ်ပြီး ရဲများက စစ်ဆေးမည်ဖြစ်သည်။

ဂျာမနီနိုင်ငံတွင်လည်း မာကဲလ်နှင့် သက်ဆိုင်ရာပြည်နယ်အစိုးရများအကြား သဘောတူညီချက်အရ နိုဝင်ဘာလ ၂ ရက်နေ့မှ ၃၀ ရက်နေ့အထိ ဘားများ၊ စားသောက်ဆိုင်များ၊ ကဇာတ်ရုံ ရုပ်ရှင်ရုံများကို ပိတ်ထားမည်ဟု ကြေညာခဲ့သည်။

ကျောင်းများကို ဆက်ဖွင့်ထားမည်ဖြစ်ပြီး ဆိုင်များကိုမူ အကန့်အသတ်ဖြင့်သာ ဖွင့်လှစ်ခွင့်ပေးမည်ဖြစ်သည်။

"ကျွန်မတို့ အခုချက်ချင်းလုပ်မှရမယ်၊ ဒီကနေ့စိန်ခေါ်မှုကို ကျွန်မတို့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်က ကိုင်တွယ်နိုင်သေးပေမဲ့ ဒီကူးစက်မှုအမြန်နှုန်းက ရက်သတ္တပတ်တွေအတွင်း စောင့်ရှောက်နိုင်စွမ်းအကန့်အသတ်အထိ ရောက်လာမှာ ဖြစ်တယ်"ဟု မာကဲလ်က ပြောကြားခဲ့သည်။

ရုရှားတွင် ဒေသ ၁၆ ခုရှိ ဆေးရုံများ ကုတင် ၉၀ ရာခိုင်နှုန်းပြည့်နေသည်ဟု ရုရှား ဒုတိယဝန်ကြီးချုပ် တာတီယန်နာဂိုလီကိုဗာက ပြောကြားထားသည်။

ဗြိတိန်တွင်လည်း ကိုးရက်ကြာတိုင်း ကူးစက်မှုနှစ်စတိုးနေသလို ပြီးခဲ့သည့် အင်္ဂါနှင့် ဗုဒ္ဓဟူးတွင် နှစ်ရက်ဆက် ကိုဗစ်ကြောင့် သေဆုံးသူ ၃၀ဝ ကျော်စီ ရှိခဲ့ရာ လော့ခ်ဒေါင်းပြန်ချရန် တိုက်တွန်းမှုများ ရှိနေသည်။

ပြီးခဲ့သည့် ၇ ရက်အတွင်း ဥရောပ တစ်လွှား ကူးစက်မှုအသစ် ၁ ဒသမ ၃ သန်း ဖြစ်ပွားခဲ့ရာ ကမ္ဘာတစ်လွှား ၇ ရက်အတွင်း ကူးစက်မှု ၂ ဒသမ ၉ သန်းအနက် ထက်ဝက်နီးပါးရှိသည်ဟုဆိုနိုင်သည်။                           

F-05