News

POST TYPE

NEWS

နုတ်ထွက်ပေးရန် ဖိအားပေးတောင်းဆိုမှုများရှိသော်လည်း ထိုင်းဝန်ကြီးချုပ်တာဝန်ကို ဆက်လက်ထမ်းဆောင်မည်ဟု ပရာရွတ်ပြောကြား
28-Oct-2020


ဘန်ကောက်၊ အောက်တိုဘာ ၂၈ 

အတိုက်အခံအင်အားစုများက ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ပေးရန် ဖိအားပေးတောင်းဆိုမှုများ မည်သို့ပင်ရှိစေကာမူ ယင်းရာထူးတာဝန်များကို  ဆက်လက်လုပ်ဆောင်သွားမည်သာဖြစ်သည်ဟု ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ပရာရွတ်ချန်အိုချာက ပြောကြားလိုက်သည်။ 

လအတန်ကြာဖြစ်ပေါ်ခဲ့သော ဆန္ဒပြမှုများနှင့်ပတ်သက်၍ ၎င်းကိုယ်တိုင် ခေါ်ယူခဲ့သော ပါလီမန်လွှတ်တော် အစည်းအဝေးပွဲတွင် ဝန်ကြီးချုပ်ပရာရွတ်က အတိုက်အခံပါတီများနှင့် နိုင်ငံရေးအင်အားစုများက တောင်းဆိုမှုကို ပယ်ချခဲ့ခြင်းဖြစ်သည်။ 

“ပြဿနာအားလုံးနဲ့ဝေးရာကို ကျွန်တော်ထွက်ပြေးမှာမဟုတ်ပါဘူး၊ တိုင်းပြည်မှာ ပြဿနာတွေနဲ့ရင်ဆိုင်နေရချိန်မှာ ရာထူးကနေ နုတ်ထွက်ပြီး ထွက်သွားမှာမဟုတ်ပါဘူး”ဟု ယခင် ၂၀၁၄ ခုနှစ် ထိုင်းစစ်အာဏာသိမ်းခေါင်းဆောင်ဟောင်း ပရာရွတ်က ပြောကြားသည်။ 

ထိုင်းပါလီမန်လွှတ်တော်မှ အတိုက်အခံအင်အားစုများက ဝန်ကြီးချုပ်ပရာရွတ်အနေနှင့် ဘုရင်၏တော်ဝင်မိသားစုနှင့် နိုင်ငံရေးအရ အပေးအယူလုပ်ထားသည့် လျှို့ဝှက်ချက်များကို ဖုံးကွယ်မထားရန်နှင့် ရာထူးမှနုတ်ထွက်ပေးရန် တောင်းဆိုထားသည်။ 

ယမန်နှစ်က ကျင်းပပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် ပရာရွတ်က ၎င်းအနိုင်ရရှိအောင် အသေအချာအကွက်ချစီစဉ်ခဲ့ကြောင်း အတိုက်အခံအင်အားစုများက စွပ်စွဲထားသည်။ 

ပရာရွတ်ကမူ ယင်းရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတမှုရှိခဲ့သော ရွေးကောက်ပွဲတစ်ခုဖြစ်ကြောင်း တုံ့ပြန်ပြောဆိုထားသည်။ 

ယခု ထိုင်းအာဏာရှင်စနစ်ဖြိုချရေးနှင့် ဘုရင်စနစ်ပြုပြင်ပြောင်းရေးအတွက် ဆန္ဒပြတောင်းဆိုမှုများကို ဦးဆောင်နေသူ ဆန္ဒပြခေါင်းဆောင် တစ်ဦးဖြစ်သည့် တီတပ်က ဝန်ကြီးချုပ် ပရာရွတ်အနေနှင့် ထိုသို့ ပါလီမန်လွှတ်တော်အစည်းအဝေးခေါ်ယူခြင်းသည် အကျိုးသက်ရောက်မှုမရှိကြောင်း ပြော ကြားသည်။ 

ဝန်ကြီးချုပ်ပရာရွတ်က လက်ရှိဖြစ်ပေါ်နေသော ပြဿနာအရပ်ရပ်ကို လေ့လာဆန်းစစ်နိုင်ရေးအတွက် ကော်မတီများ ဖွဲ့စည်းထူထောင်ရန် သဘော တူညီခဲ့ကြောင်း ပြောကြားသည်။ 

သို့သော် ဆန္ဒပြသူများနှင့်ပတ်သက်၍ “ကျွန်တော့်အနေနဲ့ ဘယ်သူနဲ့ တွေ့ဆုံစကားပြောရမှာလဲဆိုတာ မသိဘူးဖြစ်နေတယ်၊ ဘာဖြစ်လို့လဲဆိုတော့ နောက်လိုက်ဆိုတာမရှိဘူး၊ အားလုံးကခေါင်းဆောင်တွေချည်းဖြစ်နေလို့ပဲ”ဟု ပြောကြားသည်။ 

F-01