News

POST TYPE

NEWS

ထိုင်းဘုရင် ဂျာမနီတွင်နေထိုင်ကာ အာဏာကျင့်သုံးမှု ဂျာမန်အချုပ်အခြာအာဏာကို ထိပါးခြင်းရှိ မရှိစစ်ဆေးပေးရန် ဘန်ကောက်ရှိ ဂျာမန်သံရုံးသို့ ဆန္ဒပြသူများ ချီတက်
26-Oct-2020


ဘန်ကောက်၊ အောက်တိုဘာ ၂၆

ဝန်ကြီးချုပ် ပရာယုချန်အိုချာ နုတ်ထွက်ပေးရန် လွှတ်တော်အထူးအစည်းအဝေးတွင် အတိုက်အခံခေါင်းဆောင် ဆွမ်ပေါင်အမွန်ဝီဝပ် (Sompong Amornwiwat) က တောင်းဆိုလိုက်ချိန်တွင် အစိုးရဆန့်ကျင် ဆန္ဒပြသူများကလည်း ဂျာမန်သံရုံးသို့ ဦးတည်ချီတက်ရန် စီစဉ်ထားကြကြောင်း Bangkok Post သတင်းစာက ဖော်ပြသည်။

အောက်တိုဘာလ ၁၆ ရက်နေ့က ဆန္ဒပြသူများကို မီးသတ်ပိုက်များသုံးစွဲ နှိမ်နင်းခဲ့မှု၊ အောက်တိုဘာလ ၁၆ ရက်နေ့တွင် အစိုးရအိမ်တော်ရှေ့ ချီတက်စုဝေးမှုကို အဆုံးသတ်ရန် အထူးအရေးပေါ်အမိန့် ဒီကရီထုတ်ပြန်ခဲ့မှုတို့အပါအဝင် ဆန္ဒပြမှုများအပေါ် ကိုင်တွယ်ပုံလွဲမှားခဲ့ခြင်းအပေါ် တာဝန်ယူသည့်အနေနှင့် ပရာယု နုတ်ထွက်ပေးရန် Pheu Tha ပါတီခေါင်းဆောင် ဆွမ်ပေါင်က တောင်းဆိုခဲ့ခြင်းဖြစ်သည်။

လိပ်ခဲတည်းလည်းအခြေအနေကို အဆုံးသတ်ရန် စိတ်ကောင်းစေတနာကောင်း ပြသသည့်အနေဖြင့် ထိန်းသိမ်းထားသော ဆန္ဒပြသူများကို လွှတ်ပေးရန်ပါ ဆွမ်ပေါင်က တောင်းဆိုခဲ့သည်။ 

ဝန်ကြီးချုပ်သည် လူငယ်ဆန္ဒပြသူများ၏ တောင်းဆိုမှုများအပေါ် သဘောထားကြီးကြီးဖြင့် စဉ်းစားသင့်ကြောင်း၊ အခြေခံဥပဒေသစ် ရေးဆွဲခြင်းလုပ်ငန်းစဉ် နှောင့်နှေးမနေသင့်တော့ကြောင်းလည်း ဆွမ်ပေါင်က သတိပေးခဲ့သည်။ 

"ဝန်ကြီးချုပ် နုတ်ထွက်ရပါမယ်" ဟု အတိုက်အခံခေါင်းဆောင်က လွှတ်တော်တွင် အတိအလင်းတောင်းဆိုခဲ့သည်။ 

ဆန္ဒပြသူများသည် ချူလာလောင်ကွန်းတက္ကသိုလ် အနီးရှိ ဆမ်ယန်လမ်းဆုံတွင် ညနေငါးနာရီအရောက် စုဝေးပြီး ဂျာမန်သံရုံးသို့ချီတက်ကာ အသနားခံစာတစ်စောင် ပေးအပ်မည်ဖြစ်သည်။ 

တီမားဆက်တက္ကသိုလ်နှင့် ဆန္ဒပြသူများ ညီညွတ်သောတပ်ဦး၏ ဖေ့စ်ဘွတ်ခ်အကောင့်တွင် သံရုံးသို့ ဦးတည်ချီတက်ရသည့် ရည်ရွယ်ချက်ကိုပါဖော်ပြထားသည်။ 

ထိုင်းဘုရင် ဝဇီယာလောင်ကွန်း ဂျာမနီတွင်နေထိုင်ကာ ဘုရင့်အာဏာကျင့်သုံးနေခြင်းသည် ဂျာမန်အချုပ်အခြာအာဏာကို ချိုးဖောက်မရှိ၊ မရှိ စိစစ်ပေးရန် ဂျာမန်အာဏာပိုင်များကို တောင်းဆိုသည့် စာတင်ပြရန်ဖြစ်သည်။ 

သံရုံးရှေ့တွင် စုဝေးမှုမှာ ထိုင်းနိုင်ငံတွင် စစ်မှန်သော စည်းမျဉ်းခံဘုရင်စနစ် ပြန်လည်အသက်သွင်းရန်ဆိုသည့် ဆန္ဒပြသူများ၏ရည်ရွယ်ချက်ကို ဖော်ပြခြင်းလည်း ဖြစ်သည်ဟုဆိုသည်။

အစိုးရဆန့်ကျင်ဆန္ဒပြသူများ၏ တောင်းဆိုမှု ပထမအဆင့်မှာ ဖမ်းဆီးထားသူများ ချက်ချင်းပြန်လွှတ်ပေးရန်နှင့် ဝန်ကြီးချုပ်နုတ်ထွက်ပေးရန်ဖြစ်သည်။ 

၂၀၁၄ ခုနှစ်တွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ညီမ ဝန်ကြီးချုပ်ယင်းလတ်ရှင်နာဝပ်အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့သော စစ်အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယုသည် ယခုအခါ အရပ်ဝတ်လဲပြီး တိုင်းပြည်ကို ဆက်လက်အုပ်ချုပ်နေသည်။

စစ်ဘက်၏လုပ်ပိုင်ခွင့်ကို ကျယ်ကျယ်ပြန့်ပြန့်ပေးထားပြီး အမတ် ၂၅၀ ရှိသည့် အထက်လွှတ်တော်တစ်ရပ်လုံးကို စစ်တပ်က ခန့်အပ်နိုင်သည့်  အခြေခံဥပဒေဖြင့် ၂၀၁၉ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ပြီးနောက် ပရာယု ဝန်ကြီးချုပ် တာဝန်ဆက်လက် ရယူထားခြင်းဖြစ်သည်။          

F-05