News

POST TYPE

NEWS

ကျိုက်ထီးရိုးတောင်ဖွင့်ပွဲ ကျင်းပနိုင်မည်မဟုတ်ဟု ဂေါပကအဖွဲ့ပြော
25-Oct-2020


တောင်ငူ၊ အောက်တိုဘာ ၂၅

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကင်ပွန်းချောင်းကျေးရွာအနီး ကျိုက်ထီးရိုးတောင် ဖွင့်ပွဲအခမ်းအနားကို ယခုနှစ် သီတင်းကျွတ်လပြည့်နေ့တွင် ကျင်းပနိုင် မည်မဟုတ်ကြောင်း ကျိုက်ထီးရိုးစေတီ ဂေါပကအဖွဲ့ဝင် ဦးစိုးလှိုင်က ပြောကြားသည်။

“ကိုဗစ်ကြောင့် မကျင်းပနိုင်တော့ပါဘူး။ ဘူရားဖူးလည်း တက်ခွင့်မပြုသလို ဈေးဆိုင်တွေလည်း မဖွင့်ရပါဘူး။ တောင်ပေါ်မှာနေထိုင်သူတွေကတော့ နေမြဲအတိုင်း နေထိုင်နိုင်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားချက်တစ်စုံတစ်ရာမလာမချင်း ဆက်ပြီးပိတ်ထားရမှာပါ”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ကျိုက်ထီးရိုးစေတီဘုရားဖူးခွင့်ကို ယခင်က မိုးတွင်းကာလ ငါး‌လနီးပါးပိတ်ထားလေ့ရှိခဲ့ပြီး ဘုရားပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်ကျော်အထိ သတ်မှတ်ခဲ့သော်လည်း တောင်တက် ကားလမ်းကောင်းလာသည့်နောက်ပိုင်းတွင် တစ်နှစ်ပတ်လုံး ခရီးသွားဧည့်သည်များနှင့် ဘုရားဖူးများတက်ရောက်နေကြသည်ဟု တောင်ပေါ်နေသူများ၏ ပြောကြားချက်အရ သိရသည်။

ကျိုက်ထီးရိုးစေတီ တောင်တော်ဖွင့်ပွဲ သို့မဟုတ် ဘုရားပွဲတော်မုခ်ဦးဖွင့်ပွဲကို နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့တွင် ကျင်းပလေ့ရှိပြီး ဘုရားဖူးဧည့်သည် သိန်းချီ လာရောက်လေ့ရှိသည်ဟု ကျိုက်ထိုဒေသခံများနှင့် ဘုရားဂေါပကအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

“မနှစ်ကလည်း ပွဲတော်ဘုရားဖူး ကျလာတဲ့အချိန် ကျောင်းပိတ်ရက်နီးလာကာမှ ပိတ်လိုက်ရတယ်။ အခုလည်းမဖွင့်နိုင်သေးဘူးဆိုတော့ စိတ်ပူတယ်။ အကြာကြီးတောင့်ခံဖို့က မလွယ်ကူဖူးလေ”ဟု ကျိုက်ထီးရိုးတောင်ပေါ်တွင် ဘုရားဈေး ရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကင်ပွန်းချောင်းကျေးရွာအနီးရှိ ကျိုက်ထီးရိုးစေတီသို့ ပြည်တွင်း၊ ပြည်ပမှလာရောက်သူ နှစ်စဉ် သိန်းနှင့်ချီရှိနေသည့်အပြင် အထင်ကရ နေ့ထူးနေ့မြတ်များတွင်လည်း တည်းခိုဆောင်၊ ဟိုတယ်၊ မိုတယ်နှင့် အင်းများသာမက ရင်ပြင်တော်ပေါ်တွင်ပါ ခြေချစရာနေရာ မရှိသည်အထိ ဘုရားဖူးများဖြင့် စည်ကားလေ့ရှိသည်ဟု ဒေသခံများထံမှ သိရှိရသည်။ 

R-02