News

POST TYPE

NEWS

ရန်ကုန်တိုင်းအတွင်း သားငါးစားသောက်ကုန်များ လှည့်လည်ရောင်းချပေးမည်
25-Oct-2020
ရန်ကုန်မြို့တွင်း အသီးအရွက်များကို လက်တွန်းလှည်းဖြင့်လှည့်လည်ရောင်းချနေသည့် ဈေးသည်တစ်ဦး

ရန်ကုန်၊ အောက်တိုဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန်မှုအရ မြို့နေပြည်သူများကို မိမိတို့နေအိမ်မှ ကွာဝေးသည့်ဈေးများသို့ သွားရောက်ဝယ်ယူခြင်းမပြုသည့် အတွက် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ရပ်ကွက်များအရောက် သားငါး စားသောက်ကုန်များ လှည့်လည်ရောင်းချပေးမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် ထံမှ သိရသည်။

သားငါးများလှည့်လည်ရောင်းချပေးမှုကို အောက်တိုဘာလ ၂၆ ရက်နေ့တွင် စတင်ရောင်းချပေးသွားမည်ဖြစ်ပြီး ကူးစက်ရောဂါပြန့်ပွားမှုမှ အထိုက် အလျောက်ကာကွယ်နိုင်ရေး၊ သန့်ရှင်းလတ်ဆတ်သည့် သားငါးစားသောက်ကုန်များကို မိမိတို့ရပ်ကွက်တွင်းတွင် ဝယ်ယူရရှိနိုင်စေရေးတို့ကို ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအစီအစဉ်ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ကုန်သည်စက်မှုအသင်းချုပ်တို့က ကြီးမှူး၍ ညီနောင်လုပ်ငန်းရှင်အသင်းများက မြို့နယ်ရပ်ကွက်များအရောက် လှည့်လည် ဈေးရောင်းချပေးမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။

ထို့ပြင် မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းကလည်း တောင်သူများထံမှထွက်ရှိသည့် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို မော်တော်ယာဉ်များဖြင့် ရန်ကုန်မြို့အတွင်း ရှိရပ်ကွက်များတွင် လှည့်လည်ရောင်းချ ပေးနေခြင်းဖြစ်သည်။

သားငါးစားသောက်ကုန် လှည့်လည်ရောင်းချမှုကို အောက်တိုဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ရှေ့ပြေးစမ်းသပ်ကာလအနေနှင့် ရန်ကင်းမြို့နယ်-ရွှေအုန်းပင် အိမ်ရာ၊ ရွှေအင်ကြင်းအိမ်ရာများ၊ မြောက်ဒဂုံ-မဟာမြိုင်အိမ်ရာ၊ တာမွေမြို့နယ်-ကျောက်မြောင်းရပ်ကွက် အသောက၊ ကျားကွက်သစ်လမ်း၊ အောင်မင်္ဂလာလမ်း နှင့် အောင်မင်္ဂလာအိမ်ရာ၊ သီတာလမ်း၊ တာမွေ၊ မအူကုန်းတို့တွင် ရောင်းချပေးသွားမည်ဖြစ်သည်။

ညနေပိုင်းတွင် ရန်ကင်းမြို့နယ်-ကံဘဲ့စည်ပင်အိမ်ရာဝင်း၊ လယ်ဆည် ဝန်ထမ်းအိမ်ရာ၊ ဟိုတယ်ခရီးဝန်ထမ်းအိမ်ရာ၊ တာမွေမြို့နယ်-တာမွေကြီး၊ တာမွေလေး၊ မြောက်ဒဂုံ-ဗိုလ်ဘထူး အိမ်ရာနှင့် မြို့နယ်အတွင်း လမ်းမကျယ်များပေါ်တွင် သက်ဆိုင်ရာရပ်ကွက်အုပ် ချုပ်ရေးနှင့် မြို့နယ်စည်ပင်သာယာရေးတို့၏ စီမံခန့်ခွဲမှုတို့ဖြင့် စတင်ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာလ ၂၇ ရက်နေ့တွင်လည်း သာကေတမြို့နယ်၊ ဒေါပုံ၊ ရန်အောင်မာန်အောင်၊ တောင်ဒဂုံမြို့နယ်၊ ဒဂုံဆိပ်ကမ်း၊ အရှေ့ဒဂုံမြို့နယ်၊ မရမ်းကုန်း မြို့နယ်များတွင် ဆက်လက်ရောင်းချသွား မည်ဖြစ်ကြောင်း သိရသည်။     

S-07