News

POST TYPE

NEWS

ရန်ကုန်တောင်သူဈေးကားအစီအစဉ်တွင် လုပ်ငန်းပူးပေါင်းဆောင်ရွက်ရန် လုပ်ငန်းရှင်များဖိတ်ခေါ်
24-Oct-2020


ရန်ကုန်၊ အောက်တိုဘာ ၂၄

ရန်ကုန်တောင်သူဈေးကား အစီအစဉ်တွင် ဖြန့်ချိရေးနှင့် လက်လီအရောင်းလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် မိတ်ဘက်အဖွဲ့များ/လုပ်ငန်းရှင်များ ဖိတ်ခေါ်ထားကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ထံမှသိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့် တင်ရေးအဖွဲ့နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းသည် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း တိုင်းဒေသကြီးများနှင့် ပြည်နယ်များရှိ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်သူများ၏ ကုန်စည်မြန်ဆန်စွာ စီးဆင်းနိုင်ရေး၊ ဈေးကွက်တည်ငြိမ်ရေးအတွက် အထောက်အပံ့ဖြစ်စေရန်နှင့် ရန်ကုန်မြို့နယ်များရှိ စားသုံးသူများလွယ်ကူသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေး အတွက် 'တောင်သူဈေးကား အစီအစဉ်' ကို အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်သည်။ 

ယခုအခါ ရန်ကုန်မြို့အတွင်းရှိ မြို့နယ်များတွင် ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် လက်လီဖြန့်ချိရောင်းချနိုင်ရေးအတွက် အောက်ပါစည်းမျဉ်းများနှင့်အညီ ပူးပေါင်းဆောင်ရွက်နိုင်သည့် မိတ်ဘက်အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များကို ဖိတ်ခေါ်ထားခြင်းဖြစ်သည်။

တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ ဒေါပုံ၊ သာကေတမြို့နယ်များတွင် သစ်သီးဝလံ အသင်း၏ လက်လီဈေးကားများမှ တာဝန်ယူရောင်းချပေးမည်ဖြစ်ပြီး လသာ၊ လမ်းမတော်၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ပုဇွန်တောင်၊ ဗိုလ်တထောင်မြို့နယ် ၆ မြို့နယ်တွင် ရန်ကုန်မြို့တော်စည်ပင်မှ တောင်သူဈေးကားများ လှည့်လည်ရောင်းချနိုင်ရန် ခွင့်ပြုချက်မရှိသည့်အတွက် ယင်းမြို့နယ် ၆ မြို့နယ်တွင် ဆောင်ရွက်မည်ဆိုပါက အိမ်/ဆိုင် အရောက်ပို့ Delivery စနစ်ဖြင့်လည်းကောင်း၊ အခြား ဆီလျော်ရာရောင်းချခြင်းစနစ်ဖြင့်လည်းကောင်း ဆောင်ရွက်နိုင်ကြောင်း ယင်းအသင်းထံမှ သိရသည်။

ကျန်မြို့နယ် ၃၄ မြို့နယ်တွင် တောင်သူဈေးကားများ လှည့်လည်ရပ်နား ရောင်းချနိုင်ရေးနှင့် အိမ်အရောက်ပို့ဆောင်ရေး စသည့်လက်လီဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ခြင်းဖြစ်ကာ တောင်သူဈေးကားဆောင်ရွက်ရန် လှည့်လည်သွားလာနိုင်သည့် သက်တမ်းရှိ ရန်ကုန်လိုင်စင် အပြည့်အစုံရှိ မော်တော်ယာဉ် (Hijet ကဲ့သို့ ယာဉ်ငယ်မှစ၍ ၂ တန် ကုန်တင်ယာဉ်)၊ တောင်သူဈေးကားတစ်စီးလျှင် အနည်းဆုံးကုန်ဖိုးငွေ ကျပ်နှစ်သိန်းမှ စတင်ရင်းနှီးမြှုပ်နှံလည်ပတ်ရန် ငွေကြေးရှိရမည်ဖြစ်သည်။

ထို့ပြင် လိုင်စင်ရှိယာဉ်မောင်းနှင့် အရောင်းဝန်ထမ်း၊ သက်ဆိုင်ရာမြို့နယ်များတွင် မြန်မြန်ဆန်ဆန် ချိတ်ဆက်သွားလာဖြန့်ဖြူးနိုင်သည့်စွမ်းရည်၊ သစ်သီး ဝလံနှင့် ဟင်းသီးဟင်းရွက်များ သိုလှောင်ထိန်းသိမ်း ကိုင်တွယ်ဆောင်ရွက်သည့် လုပ်ငန်းကျွမ်းကျင်သူ၊ စိတ်ပါဝင်စားသူ၊ လူမှုစီးပွားအကျိုးပြုလုပ်ငန်း ဝါသနာပါ သူဖြစ်ရန်လိုအပ်ကြောင်းလည်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီး ဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းထံမှ သိရသည်။ 

စိတ်ပါဝင်စားသည့် လုပ်ငန်းများသည် လိုအပ်သည့်သတ်မှတ်ချက်များနှင့်အတူ မိမိဆောင်ရွက်လိုသည့်မြို့နယ်၊ မိမိဆောင်ရွက်မည့် မော်တော်ယာဉ်/ယာဉ် နံပါတ်/ယာဉ်ဓာတ်ပုံ (လိုအပ်၍ တောင်းခံပါက ရန်ကုန်လိုင်စင်မိတ္တူ တင်ပြနိုင်ရပါမည်။) တို့ကို ဦးမင်းဇော် (ဖုန်း/Viber ဝ၉-၅၀ဝ၅၂၆၉)၊ ဒေါ်ဒါလီ (ဖုန်း/Viber ဝ၉-၄၃၀၃၄၈၉၄၊ ဝ၉-၈၀၃၈၈၈၄)၊ ဒေါ်အိအိစိုး (ဖုန်း/Viber ဝ၉-၇၉၆၅ ၄၅၂၁) Email: [email protected] တို့ထံ ဆက်သွယ်ပေးပို့နိုင်ကြောင်း သိရသည်။           

S-07