News

POST TYPE

NEWS

အကျဉ်းထောင်အချို့နှင့် အချုပ်ခန်းအချို့တွင် COVID-19 ဖြစ်ပွားလာသည့်အတွက် Rapid Antigen Diagnostic Test Kit များဖြင့် စစ်ဆေးခြင်းများ စတင်ပြုလုပ်
24-Oct-2020


ရန်ကုန်၊ အောက်တိုဘာ ၂၄

အကျဉ်းထောင်အချို့နှင့် အချုပ်ခန်းအချို့တွင် COVID-19 ဖြစ်ပွားလာသည်ကို တွေ့ရှိရသည့်အတွက် Rapid Antigen Diagnostic
Test Kit များဖြင့် ရောဂါစစ်ဆေးခြင်းအပါအဝင် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို စတင်လုပ်ဆောင်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

အောက်တိုဘာလ ၂၃ ရက်က Video Conferencing စနစ်ဖြင့် ပြုလုပ်ခဲ့သော အကျဉ်းထောင်များတွင် COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် အကျဉ်းထောင်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကာ ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

အကျဉ်းထောင်များသည် အလုံပိတ်ပတ်ဝန်းကျင်ဖြစ်ခြင်း၊ တစ်ဦးနှင့် တစ်ဦး အလွန်နီးကပ်စွာနေထိုင်ရခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် လိုအပ် ချက်ရှိနေနိုင်ခြင်း၊ အာဟာရပြည့်ဝမှု လိုအပ်ချက်များရှိနိုင်ခြင်း၊ ကိုယ်ခံအားကျနေနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးက ထပ်လောင်းပြောဆိုခဲ့သေးသည်။

ယင်းကဲ့သို့ အခြေအနေများကြောင့် COVID-19 ကဲ့သို့ ကူးစက်မြန်သောရောဂါ တစ်စုံတစ်ဦးတွင် ဖြစ်ပွားပါက အလွန်လျင်မြန်စွာကူးစက်ပျံ့နှံ့သွားမည်ဖြစ်သဖြင့် မိမိတို့ဝန်ကြီးဌာနအနေ နှင့် အကျဉ်းဦးစီးဌာနနှင့် ပေါင်းစပ်၍ဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။

COVID-19 ရောဂါပိုးသည် ပြင်ပမှထောင်ဝင်စာလာတွေ့သူများနှင့် ဝန်ထမ်းများမှတစ်ဆင့် အကျဉ်းကျခံနေ ရသူများထံသို့လည်းကောင်း၊ ထိုသို့ ရောဂါကူးစက်ဖြစ်ပွားသူ အကျဉ်းသားမှတစ်ဆင့် အခြားသော အကျဉ်းသားများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများထံ သို့လည်းကောင်း အပြန်အလှန် အဆင့်ဆင့် ကူးစက်နိုင်သဖြင့် အကျဉ်းဦးစီးဌာန နှင့် ရောဂါဆိုင်ရာသတင်းများ အချိန်နှင့် တစ်ပြေးညီမျှဝေကာ ချိန်သားကိုက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။

COVID-19 သည် အကျဉ်းထောင်များ၏ သဘောသဘာဝအရ လျင်မြန်စွာကူးစက်ပြန့်ပွားနိုင်သည်ဖြစ်သဖြင့် အကျဉ်းထောင်၌ စတင်တွေ့ရှိ သော COVID-19 ကို အချိန်နှင့်တစ်ပြေးညီထိန်းချုပ်ကာ အကျဉ်းထောင်များ၌ ကပ်ရောဂါအသွင် ပြန့်ပွားကူးစက်မှု မရှိစေရေးအတွက် ကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများကို ပြတ်ပြတ်သားသား တိတိကျကျ စနစ်ကျစွာ အရှိန်မြှင့်၍ အမြန်ဆုံးဆောင်ရွက်ရမည် ဖြစ်သလို အကျဉ်းထောင်များတွင် COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းလမ်းညွှန်များကို အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းရေးဆွဲခြင်းနှင့် မွမ်းမံပြင်ဆင်ခြင်းများ ရက်ပိုင်းအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
       
S-09