News

POST TYPE

NEWS

ပိတ်သိမ်း SIM Card ၃၄ သန်းကျော်ထဲတွင်ကျန်ရှိနေသည့် လက်ကျန်ငွေ ကျပ်သန်း ၁၇၀၀ ကျော်ကို COVID အတွက်လှူဒါန်း
19-Oct-2020


ရန်ကုန်၊အောက်တိုဘာ ၁၉

ပိတ်သိမ်းခဲ့သော SIM Card ၃၄ ဒသမ ၄၉ သန်းကျော်၏ Top Up လက်ကျန်ငွေ ကျပ်သန်းပေါင်း ၁,၇၂၂ ကို COVID -19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၀န်ကြီးဌာနက လှူဒါန်းကြောင်း ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၂၂ နောက်ပိုင်း အချက်အလက်များမှန်ကန်စွာ မှတ်ပုံတင်ခြင်းမရှိသည့် SIM Card များနှင့် ဇွန်လ ၃၀ ရက်နေ့အထိ ပြန်လည်မှတ်ပုံတင်ခြင်းမရှိသော SIM Card ၃၄.၄၉ သန်းကျော်ကို ပိတ်သိမ်းခဲ့ပြီး ပိတ်သိမ်း SIM Card များတွင် လက်ကျန်ငွေ စုစုပေါင်းကျပ် ၁,၇၂၂ သန်းကျော်ကျန်ရှိခဲ့သည်။

ယင်းကဲ့သို့ ပိတ်သိမ်း SIM Card များတွင် ကျန်ရှိခဲ့သည့် ကျပ် ၁,၇၂၂ သန်းကျော်ကို သုံးစွဲသူ အများပြည်သူများ ကိုယ်စား နိုင်ငံအကျိုးအတွက် ပြန်လည်လှူဒါန်းရခြင်းဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က လှူဒါန်းပွဲအခမ်းအနားတွင်ပြောကြားခဲ့သည်။

ယင်းလှူဒါန်းပွဲကို အောက်တိုဘာ ၁၉ ကကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ပြီး Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီထံသို့ လှူဒါန်းမှုများအား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်ကရှင်းလင်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အရာထမ်းအမှုထမ်းများက ငွေကျပ် ၁၁,၆၈၀,၀၀၀နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမီတက်က ငွေကျပ် ၃၀,၀၀၀,၀၀၀ နိုင်ငံ့ဝန်ထမ်း စေတနာရှင်များ၏ 1000 kyats Campaign က ငွေကျပ် ၇,၆၄၈,၅၀၀၊ ရန်ကုန်ပညာရေးတက္ကသိုလ် သင်ကြား/စီမံဌာနများနှင့်အဆောင်များက ငွေကျပ် ၂,၂၂၂,၀၀၀ နှင့် သံအမတ်ကြီးဒေါက်တာလှမောင် ဖောင်ဒေးရှင်းက ငွေကျပ် ၁,၀၀၀,၀၀၀ တို့ကိုလှူဒါန်းခဲ့သေးသည်။

S-09