News

POST TYPE

NEWS

ဗိုင်းရပ်စ်ကူးစက်မှုနှုန်း ပြန်လည်မြင့်တက်နေသည့် အီတလီတွင် Lockdown အစား အခြားကန့်သတ်ချက်များဖြင့် တင်းကြပ်ရန် စီစဉ်
19-Oct-2020


ရောမ၊ အောက်တိုဘာ ၁၉

အီတလီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်း ပြန်လည်မြင့်တက်လာသောကြောင့် ကန့်သတ်ပိတ်ပင်မှုများပြန်လည်ပြုလုပ်မည့် အစီအစဉ်တစ်ရပ်ကို အစိုးရကထုတ်ပြန်ကြေညာလိုက်သည်။

အီတလီဝန်ကြီးချုပ် ဂူဆီပါကွန်တေးက ယင်းကန့်သတ်ထိန်းချုပ်မှု အစီအစဉ်သစ်များပြုလုပ်ရခြင်းမှာ Lockdown များထပ်မံမပြုလုပ်လိုသောကြောင့်ဖြစ်ကြောင်းပြောကြားသည်။

အီတလီနိုင်ငံတစ်ဝန်းရှိ မြို့တော်ဝန်များအနေနှင့် ည ၉ နာရီနောက်ပိုင်းတွင် အများပြည်သူများနှင့်သက်ဆိုင်သော နေရာများကို ပိတ်ပင်ပိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း၊ စားသောက်ဆိုင်ဖွင့်လှစ်ရောင်းချချိန်များကိုလည်း ကန့်သတ်မည်ဖြစ်သလို လူစုလူဝေးပြုလုပ်မည့်ကိစ္စများကိုလည်း ခွင့်ပြုမည်မဟုတ်ကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့ အချိန်တွေဖြုန်းနေလို့မရဘူး၊ သမားရိုးကျလော့ဒေါင်းတွေမလုပ်ဘဲနေနိုင်ဖို့အတွက် အဲဒီကန့်သတ်ချက်တွေကို မဖြစ်မနေပြဋ္ဌာန်းရပါလိမ့်မယ်။ သမားရိုးကျလော့ဒေါင်းတွေက နိုင်ငံစီးပွားရေးကို ဆိုးဆိုးရွားရွားထိခိုက်စေပါတယ်” ဟု ၎င်းကဆိုသည်။

အီတလီတွင် တနင်္ဂနွေနေ့တစ်ရက်တည်း ဗိုင်းရပ်စ်ကူးစက်ခံရသူ လူနာသစ် ၁၁၇၀၅ ဦးတွေ့ရှိခဲ့သည်။ ယင်းနေ့မတိုင်ခင် စနေကလည်း ၁၀၉၂၅ ဦးရှိခဲ့သည်။

အီတလီသည် ဥရောပဒေသတွင် ကိုဗစ်ကပ်ရောဂါ ပထမဆုံးစတင်ကူးစက်ပြန့်ပွားစဉ်က အဆိုးရွားဆုံး ကူးစက်ခံရသည့်နိုင်ငံဖြစ်ခဲ့သည်။ ယခုဆိုလျှင် အီတလီနိုင်ငံတစ်ဝန်း ယင်းဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၄၁၄၀၀၀ ရှိပြီး ယင်းရောဂါကြောင့် သေဆုံးသူ ၃၆၅၀၀ ဦးရှိခဲ့သည်။

ဥရောပတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုအများဆုံးရှိသည့်နိုင်ငံမှာ ဗြိတိန်ဖြစ်ပြီး အီတလီမှာ ဒုတိယအများဆုံးဖြစ်သည်။