News

POST TYPE

NEWS

ချောက်တွင် နှာခေါင်းစည်း တပ်ဆင်ထားခြင်းမရှိပါက ရပ်ကွက်အတွင်းဝင်ခွင့်မပြုဟု ဆိုင်းဘုတ်ထောင်
30-Sep-2020


ချောက်၊ စက်တင်ဘာ ၃၀

ချောက်မြို့ အမှတ် ၁၄ နယ်မြေအတွင်း ရပ်ကွက်ရှစ်ခုရှိ ရပ်ကွက်အဝင်လမ်းများ၌ စက်တင်ဘာလ ၂၉ ရက်နေ့နံနက်ကစတင်ကာ နှာခေါင်းစည်းတပ်ဆင်ထားခြင်းမရှိပါက ရပ်ကွက်အတွင်းဝင်ခွင့်မပြုဟူသော ဆိုင်းဘုတ်များချထားကာ နှာခေါင်းစည်းများ အခမဲ့ပေးဝေသည့် မက်စ်ကမ်ပိန်း စတင်လုပ်ဆောင်လျက်ရှိသည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးငြိမ်းစိုးက ပြောဆိုသည်။

တကျော့ပြန်ဖြစ်ပွားလာသော ကိုဗစ်-၁၉ ဒုတိယလှိုင်းသည် စိုးရိမ်းရသည့် အခြေအနေရောက်လာ၍ ရပ်ကွက်နေပြည်သူများ၏ သဘောဆန္ဒအရ ရပ်မိရပ်ဖများ၊ ဘော်လန်ဒီယာများပါဝင်သော ရပ်ကွက်ကိုဗစ်ကော်မတီကို ဖွဲ့စည်းခဲ့ပြီး နယ်မြေအတွင်းရှိ ရပ်ကွက်အလိုက် အဝင်လမ်းထိပ်များတွင် ဆောင်ရွက်နေခြင်းဖြစ်သည်။



"ခုဆိုရင် မက်စ်တပ်ပြီးသွားရမှာဖြစ်တဲ့အတွက် ကော်မတီက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းချက်တွေလည်းရှိပါတယ်။ ကျွန်တော်တို့ရပ်ကွက်က နယ်မြေကြီးတဲ့ အနေအထားဆိုတော့ ကလေး၊လူငယ်တွေကအစ အကြောင်းမဲ့ အပြင်ထွက်မကစားနဲ့ သူတို့အပြင်ထွက်လာရင်တောင်မှ မက်စ်တပ်ပြီးထွက်လာဖို့ ရပ်ကွက်ကော်မတီကဆုံးဖြတ်ထားတယ်" ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးငြိမ်းစိုးက ပြောကြားသည်။

ယခုကဲ့သို့ဆောင်ရွက်ရခြင်းမှာ ပြင်ပမှလာသူများထံမှ ကူးစက်မှုမဖြစ်စေရေးနှင့် ရပ်ကွက်အတွင်းရှိပြည်သူများ တစ်ဦးနှင့်တစ်ဦး ကူးစက်ပြန့်ပွားမှုမရှိရေးအတွက် ‌ဆောင်ရွက်ခြင်းဖြစ်သည်။



ချောက်မြို့ အမှတ် ၁၄ နယ်မြေအတွင်းရှိ စစ်ကွင်း၊ ဇော်တိက၊ ထန်းယျာဉ်တော၊ ပျဉ်းမ၊ ယာပြင်၊ ချမ်းမြသာစည်၊ ဗိုလ်အိမ်ကုန်း၊ ငါးလုံးတန်းလျားရပ်ကွက်တို့ရှိ ရပ်ကွက်အဝင်လမ်းထိပ်များတွင် ရပ်ကွက်နေပြည်သူများက ရပ်ကွက်အတွင်း နှးခေါင်းစည်းတပ်မလာသူများကို နှာခေါင်းစည်းများ အခမဲ့ပေးဝေလက်ရှိသည်။

R-11