News

POST TYPE

NEWS

AA တပ်ဖွဲ့ဝင်တစ်ဦး အစစ်ဆေးခံနေစဉ် မိမိကိုယ်ကိုအဆုံးစီရင်
29-Sep-2020
ရန်ကုန်၊ စက်တင်ဘာ ၂၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ဖမ်းမိသော AA လက်နက်ကိုင်အဖွဲ့မှ တပ်ကြပ်ကြီးအဆင့်ရှိသူတစ်ဦးမှာ အစစ်ဆေးခံနေရစဉ် မိမိကိုယ်ကိုယ် သေနတ်ဖြင့်ပစ်ပြီး အဆုံးစီရင်ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ဖမ်းမိသူ အေးကျော်(၃၅)နှစ်မှာ စက်တင်ဘာလ ၂၇ ရက် နံနက်ပိုင်းက မြောက်ဦးမြို့၊ ဘောင်းဒွတ်ကျေးရွာဘက်သို့ သုံးဘီးဆိုင်ကယ်မောင်းနှင်လာစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်း၏ဆိုင်ကယ်အား တားဆီးစစ်ဆေးမေးမြန်းခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်အရ အေးကျော်မှာ ယင်းမြို့နယ်အတွင်းရှိ အောင်မင်္ဂလာရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ၎င်းကိုင်ဆောင်သော လက်ကိုင်ဖုန်းအတွင်းမှ AA နှင့် အချက်အလက်များနှင့် ဆက်သွယ်ထားမှုများကို တွေ့ရှိခဲ့သည်။ 

ကနဦးစစ်ဆေးချက်အရ ၎င်းမှာ AA အဖွဲ့မှ တပ်ကြပ်ကြီးအဆင့်ရှိသူဖြစ်ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက မြောက်ဦးမြို့နယ်အတွင်း မြောက်ဦးတပ်နယ်မှ စစ်သည်တစ်ဦး ဈေးဝယ်နေစဉ် ဖမ်းဆီးခဲ့ခြင်းနှင့် ယခုနှစ် ဇူလိုင်လက တပ်နယ်မိသားစုမှ အရပ်သား လူငယ်နှစ်ဦးကိုဖမ်းဆီးခဲ့ရာ၌ ၎င်းက ဦးဆောင်ပါဝင်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။

အဆိုပါ AA အဖွဲ့မှ တပ်ကြပ်ကြီး အေးကျော်ကို စက်တင်ဘာလ ၂၈ ရက်က နံနက်စာ ကျွေးမွေးရန်ဆောင်ရွက်နေစဉ် စစ်ကြောရေးအဖွဲ့ဝင်၏ ပစ္စတိုသေနတ်ကို ၎င်းကလုယူပြီး မိမိကိုယ်ကို သေနတ်ဖြင့်ပစ်၍ အဆုံးစီရင်ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

မိမိကိုယ်ကိုယ် သေနတ်ဖြင့်ပစ်သတ်၍ အဆုံးစီရင်ခဲ့သူ၏ ရုပ်အလောင်းကို မြောက်ဦးမြို့နယ်ရဲစခန်းသို့ ပို့အပ်ထားပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03