News

POST TYPE

NEWS

ကုန်တင်ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များ ပိုးမတွေ့​အထောက်အထားပြနိုင်မှ ချောက်မြို့အတွင်းဝင်ခွင့်ရမည်
28-Sep-2020

ချောက်၊ စက်တင်ဘာ ၂၈ 

မကွေးတိုင်း ချောက်မြို့အတွင်းသို့ တိုင်းကျော်ဒေသများမှ ဝင်ရောက်လာမည့်ကုန်တင်ယာဉ်‌မောင်းများနှင့်ယာဉ်နောက်လိုက်များ ပိုးမတွေ့ကြောင်း အထောက်အထားပြနိုင်မှ မြို့တွင်းသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း မိုလာစစ်ဆေးရေးဂိတ်ထံမှ သိရသည်။

မကွေးတိုင်းအစိုးရအဖွဲ့၏ ညွန်ကြားချက်အရမြို့နယ်ယာဉ်ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ချောက်မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌတာဝန်ယူထားသည့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းက ပြောဆိုသည်။

"ဒရိုက်ဘာ၊ စပယ်ယာတွေမှာ သူတို့သတ်မှတ်ထားတဲ့ ဆေးစစ်ဆေးချက်ပါမှ မြို့ထဲကိုအဝင်ခံမယ်။ သတ်မှတ်ထားတဲ့ ဆေးစစ်‌ဆေးချက်မပါရင် မြို့ထဲကိုအဝင်မခံဘူး။ ဒါမှမဟုတ်ဘူးဆိုရင် ဒီမှာ (စစ်ဆေးရေးဂိတ်အနီး) ဒရိုက်ဘာ၊ စပယ်ယာတွေချိန်းမယ်။ ဒီဘက်အခြမ်းက လူတွေက ကုန်သွားချရမယ်" ဟု ပုဂ္ဂလိကပိုင်လုပ်ငန်းသုံးယာဉ်လိုင်းများကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ဦးစည်သူလှမြင့်က ဖြည့်စွက်ပြောကြားသည်။

ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ ကျန်းမာရေးစစ်ဆေးချက် အထောက်အထားမပြနိုင်သူများကို ချောက်မြို့ရှိ Quarantine စင်တာသို့ ပို့ဆောက်ထားမည်ဖြစ်ကြောင်း၊ ၎င်းတို့ ဆက်လက်ထွက်ခွာမည်ဆိုပါက Quarantine စင်တာမှ ပြန်လည်ထုတ်ပေးပြီး မောင်းနှင်ခွင့်ပေးမည်ဟု ၎င်းက ရှင်းပြ​သည်။

ချောက်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရွှေပုံတောင်စစ်ဆေးရေးဂိတ်နှင့်မိုလာစစ်ဆေးဂိတ်တို့ကို စက်တင်ဘာလတန်းက ဖွင့်လှစ်ထားပြီး မြို့အတွင်း ဝင်‌ရောက်ဖြတ်သန်းမည့်သူများအား ခရီးသွားရာဇဝင် စစ်‌ဆေးခြင်း၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၏ ထောက်ခံစာများ ကိုစစ်ဆေးဆောင်ရွက်လျက်ရှိခဲ့ရာမှ စက်တင်ဘာလ ၂၈ ရက်နေ့မှစတင်ကာ မြို့တွင်းဝင်ရောက်လာမည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များ ပိုးမတွေ့ကြောင်း ဆေးစစ်ဆေးချက်အထောက်အထားကို စစ်ဆေးဆောင်ရွက်နေခြင်းဖြစ်သည်။

"မထွက်တော့ဘူးဆိုတဲ့ ဒရိုက်ဘာ၊ စပယ်ယာတွေက Quarantine ဝင်ရမယ်။ swab စစ်ဆေးရမယ် "ဟု ပုဂ္ဂလိကပိုင်လုပ်ငန်းသုံးယာဉ်လိုင်းများ ကြီးကြပ်မှုကော်မတီဒုဥက္ကဋ္ဌ ဒေါ်ခင်သန်းဝင်းကပြောကြားသည်။

ခရီးသည်တင်ယာဉ်များကိုမူ တိုင်းအတွင်း ပြေးဆွဲခွင့်ပြုထားသော်လည်း ယင်းခရီးသည်ယာဉ်များက တိုင်းကျော်ပြေးဆွဲကာ ကုန်စည်ပစ္စည်းများ တင်ဆောင်လာပါက ပို့ဆောင်ဆက်သွယ်ရေးဦးစီးဌာနမှ အရေးယူမည်ဟု ချောက်မြို့ မိုလာစစ်ဆေးဂိတ်ထံမှ သိရသည်။

ပို့ဆောင်ဆက်သွယ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပုဂ္ဂလိကပိုင်လုပ်ငန်းသုံးယာဉ်လိုင်းများ ကြီးကြပ်မှုကော်မတီ၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ပါဝင်သော ကုန်တင်ယာဉ်ကြီးများ ကြီးကြပ်ရေးအဖွဲ့ကို စက်တင်ဘာ ၂၇ ရက်ကဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

R-11