News

POST TYPE

NEWS

နမ့်စန်တွင် လူသတ်အလောင်းဖျောက်ခဲ့သူကိုဖမ်းမိ
25-Sep-2020
ရန်ကုန်၊ စက်တင်ဘာ ၂၅

လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် လူငယ်ချင်းစကားများ ရန်ဖြစ်ရာမှ ၁၆ နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦး အသတ်ခံရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အသတ်ခံရသူ ပြည့်ဖြိုးသိန်းမှာ စက်တက်ဘာလ ၂၃ ရက်က ပျောက်ဆုံးနေသဖြင့် မိသားစုဝင်များက လိုက်လံရှာဖွေခဲ့ရာ ၎င်း၏ ဆိုင်ကယ်အား ပြည့်ဖြိုးဦးဆိုသူက မောင်းနှင်သွားကြောင်း ပတ်ဝန်းကျင်ထံမှ စုံစမ်းသိရှိခဲ့သည်။

ယင်းကိစ္စဖြစ်စဉ်ကို နမ့်စန်မြို့မရဲစခန်းထံ အကြောင်းကြားခဲ့ရာ ရဲတပ်ဖွဲ့က ပြည့်ဖြိုးဦးကို ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ပြီး ပျောက်ဆုံးနေသူ ပြည့်ဖြိုးသိန်းအား ၎င်းကသတ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

စစ်ဆေးချက်အရ ပြစ်မှုကျူးလွန်သူမှာ သေဆုံးသူနှင့် သူငယ်ချင်းထံမှ လက်ကိုင်ဖုန်းငှားသုံးသည့်ကိစ္စဖြင့် နှစ်ဦးစကားများရာမှ ၎င်းက သေဆုံးသူအား နမ့်စန်မြို့၊ အမှတ် (၅) ရပ်ကွက်၊ စစ်မှုထမ်းဟောင်းအိမ်ရာဝင်းထဲရှိ လူမနေသည့် အဆောက်အဦသို့ ခေါ်ဆောင်ပြီး သစ်သားတုတ်ဖြင့် ဆင့်ရိုက်၍ လက်ကောက်ဝတ်အား ဓားဖြင့်လှီးခဲ့သည်။

တုတ်ဖြင့်ရိုက် ဓားဖြင့်လှီးခံရသူ ပြည့်ဖြိုးသိန်းမှာ သေဆုံးခဲ့ပြီး ၎င်း၏ ရုပ်အလောင်းကို ပြစ်မှုကျူးလွန်သူက နေအိမ်အနောက်ဘက်ရှိ အိမ်သာကျင်းထဲ စွန့်ပစ်ခဲ့ကြောင်း ထွက်ဆိုသဖြင့် ရုပ်အလောင်းကို ဆယ်ယူပြီး လူသတ်၍ လက်ကိုင်ဖုန်းနှင့် ဆိုင်ကယ်လုယူခဲ့သူ ပြည့်ဖြိုးဦး (၁၆)နှစ်ကို အမှုဖွင့် အရေးယူစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03