News

POST TYPE

NEWS

ပုသိမ်စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံအားလုံး ယာယီပိတ်
24-Sep-2020


ပုသိမ် ၊စက်တင်ဘာ ၂၄

ဧရာ၀တီတိုင်း ပုသိမ်​စက်မှုဇုန်ရှိ အထည်ချုပ် စက်ရုံအားလုံး ၁၄ ရက်ကြာ ယာယီပိတ်ထားရန် တိုင်းအစိုးရအဖွဲ့က ယနေ့ စက်တင်ဘာ၂၄ ရက်နေ့တွင် ညွှန်ကြားချက်ထုတ်ပြန်လိုက်​သည်။

ပုသိမ်စက်မှုဇုန်ရှိ ဟီရှန်းအထည်ချုပ်စက်ရုံမှ အလုပ်သမားသုံးဦးနှင့် ဒေါင်းလောင်အထည်ချုပ်စက်ရုံမှ အလုပ်သမားတစ်ဦးတို့တွင် Covid -19 ရောဂါပိုးတွေ့ရှိပြီးနောက် အထည်ချုပ်စက်ရုံအားလုံး ၁၄ ရက်ပိတ်ထားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းအစိုးရ မီဒီယာ ဆက်ဆံရေးတာဝန်ရှိသူ လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။

"တိုင်းအစိုးရရဲ့ Page မှာ အထည်ချုပ်စက်ရုံတွေပိတ်တယ်ဆိုတာ တင်ပေးထားပါတယ် ယာယီအားဖြင့်ပိတ်တာပါ။ရောဂါပိုးထိန်းချုပ်နိုင်ရေးနဲ့ အများပြည်သူ အတွက်ဖြစ်ပါတယ်" ဟု ဝန်ကြီးက ပြောဆိုသည်။



စက်ရုံအလုပ်သမားအားလုံး ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်နှင့်အညီ Home Stay နေထိုင်စေပြီး သွားလာမှုများကို ကန့်သတ်၍ ကြပ်မတ်လိုက်ခြင်းဖြစ်သည်။

စက်တင်ဘာ ၂၄ရက်နေ့ (ယနေ့)မွန်းလွဲပိုင်းမှ ညွှန်ကြားစာရောက်လာသည့်အတွက် စက်တင်ဘာ ၂၅ ရက်နေ့မှသာ စက်ရုံစပိတ်နိုင်တော့မည် ဟု ပုသိမ်စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံအချို့ထံမှ စုံစမ်းသိရှိရသည်။

တိုင်းအစိုးရအဖွဲ့ကထုတ်ပြန်သည့် အထည်ချုပ်စက်ရုံများ ယာယီပိတ်ရန်ညွန်ကြားချက်စာတွင်စက်တင်လာလ ၂၄ ရက်နေ့မှ အောက်တိုဘာ ၇ ရက်နေ့အထိ ယာယီပိတ်သိမ်းထားရန် ညွှန်ကြားထားသည်။

ပုသိမ်စက်မှုဇုန်အတွင်း၌ အထည်ချုပ်စက်ရုံ ၁၂ ရုံရှိပြီး မူလက လုပ်သားအင်အား ၁၃၀၄၁ ရှိရာမှ စက်တင်ဘာ ၂၁ ရက်နေ့ စစ်ဆေးချက်အရ အလုပ်သမား ၆၇၉၅ ဦးသာ အလုပ်ခွင်ဝင်ရောက်ကြောင်း ဧရာဝတီတိုင်းအစိုးရရုံးထံမှ သိရသည်။ 

R-04