News

POST TYPE

NEWS

သိမ်ဇရပ်တွင် အိမ်တစ်လုံးစစ်တောင်းမြစ်အတွင်းပြိုကျ၊ မိသားစုဝင်သုံးဦးရေထဲမျောပါပျောက်ဆုံး
21-Sep-2020


တောင်ငူ၊ စက်တင်ဘာ ၂၁

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ စစ်တောင်း‌‌ကျေးရွာတွင် စက်တင်ဘာလ၂၀ ရက်နေ့နံနက်ပိုင်း က ဒီရေလှိုင်းပုတ်ရာမှ အိမ်တစ်လုံးပြိုကျခဲ့ပြီး အမျိုးသမီးတစ် ဦးအပါအဝင်မိသားစုဝင်သုံးဦး မြစ်ထဲမျောပါပျောက်ဆုံးနေသည်မှာ စက်တင်ဘာလ ၂၁ ရက်နေ့အထိ ပြန်တွေ့သေးကြောင်း သိမ်ဇရပ်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“မိသားစုလိုက်အိပ်ပျော်နေတာ။ လှိုင်းပုတ်ခံရပြီး မြစ်ထဲကိုတဲအိမ်နဲ့လူတွေပါသွားတာပါ။ မိခင်၊နှစ်လ အရွယ်ကလေးနဲ့၂နှစ်သားတစ်ဦး‌မြစ်ထဲမျောပါပျောက်ဆုံးနေ။ရှာနေတုန်းပဲ”ဟု ၎င်းက စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်တွင် ပြောဆိုသည်။

အဆိုပါနေ့နံနက် ၆ နာရီခန့်က ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ စစ်တောင်းကျေးရွာအုပ်စု အေးသီတာ အပိုင်းနေ ဦးလင်းလင်းဆိုသူပိုင်သည့် တောင်ထန်းမိုး၊တောင်ထန်းကာ သုံးပင်ပတ်လည် မြေစိုက်တဲ အတွင်း မိသားစုဝင်များအိပ်‌ပျော်နေစဉ် ဒီရေတက်လာပြီး လှိုင်းပုတ်ရာမှ မြေစိုက်တဲရေထဲမျောပါသွားခြင်း ဖြစ်ကာ ၁၃ နှစ်အရွယ်နှင့် ၇ နှစ်အရွယ်ကလေးနှစ်ဦးသည် ဖခင်ဖြစ်သူနှင့်အတူ လွတ်မြောက်သွားခဲ့ သော်လည်း ဇနီးဖြစ်သူနှင့်အသက်၂ နှစ်သားကလေးတစ်ဦး၊ နှစ်လသားအရွယ်‌နို့စို့ကလေးတစ်ဦး မြစ်ထဲမျောပါပျောက်ဆုံးခဲ့ရခြင်းဖြစ်သည်ဟု သိမ်ဇရပ်နယ်မြေရဲစခန်းမှတ်တမ်းအရ သိရသည်။

စစ်တောင်းမြစ်အတွင်း မျောပါပျောက်ဆုံးနေသူများမှာ ဒေါ်ကြည်ခင်(၃၀နှစ်)၊‌မောင်မိုးဟိန်း(၂နှစ်)နှင့် မောင်လင်းအောင်(နှစ်လ)တို့ကို မီးသတ်တပ်ဖွဲ့ဝင်များ၊အုပ်ချုပ်ရေးအဖွဲ့များနှင့်ပရဟိတအဖွဲ့များက လိုက်လံရှာဖွေနေသော်လည်း စက်တင်ဘာ ၂၁ ရက်နေ့ မွန်းလွဲပိုင်းအထိမတွေသေးကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရ သည်။ R-02

ဓာတ်ပုံ-ရာမညတိုင်မ်း