News

POST TYPE

NEWS

၂၀၁၄ ခုနှစ်နောက်ပိုင်း အကြီးဆုံးဆန္ဒပြပွဲတွင် ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေး ထိုင်းဆန္ဒပြသူများ ထပ်မံတောင်းဆို
20-Sep-2020
ဘန်ကောက်မြို့ နန်းတော်ရှေ့ရှိ Sanam Luang ပြည်သူ့ရင်ပြင်တွင် စုဝေးဆန္ဒပြနေကြသူများ

ဘန်ကောက်၊ စက်တင်ဘာ ၂၀

ထိုင်းနိုင်ငံတွင် ၂၀၁၄ ခုနှစ် စစ်တပ်အာဏာသိမ်းဖြစ်စဉ်နောက်ပိုင်း အကြီးဆုံးဆန္ဒပြမှုပေါ်ပေါက်နေပြီး စက်တင်ဘာလ ၁၉ ရက်က ဘန်ကောက်မြို့တွင် ဆန္ဒပြသူများသည် ထိုင်းဘုရင်စနစ်အား နိုင်ငံရေးစနစ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်တွင်ရှိစေရန် ထပ်မံတောင်းဆိုခဲ့ကြသည်။

ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ အစိုးရကိုဆန့်ကျင်ဆန္ဒပြမှုအဖြစ် ဆန္ဒပြသူများသည် ဘန်ကောက်မြို့ရှိ နန်းတော်ရှေ့ Sanam Luang ပြည်သူ့ရင်ပြင်တွင် စုရုံးခဲ့ကြပြီး ဘုရင်စနစ်အပါအဝင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရေးတောင်းဆိုခဲ့ကြသည်။

"ကျွန်တော်တို့ ဒါကိုမပြောင်းလဲနိုင်ဘူးဆိုရင် ဘယ်တော့မှ ဒီမိုကရေစီရမှာ မဟုတ်ပါဘူး" ဟု နိုင်ငံသားအခွင့်အရေးတကြွ်ကလှုပ်ရှားသူ ရှေ့နေ အန်နွန်နမ်ဖာက ပြောဆိုသည်။ သူသည် အာမခံပေးထားမှု စည်းမျဉ်းများကို ချိုးဖောက်ခဲ့ခြင်းကြောင့် ထောင်ချခံခဲ့ရပြီး မကြာခင်ကမှ ပြန်လွတ်လာသူဖြစ်သည်။ 

သူသည် မကြာခင်က ကျောင်းသားများဦးဆောင်သော ဆန္ဒပြမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်ပြီး ထိုင်းနိုင်ငံ၏ဘုရင်စနစ် ပြုပြင်ပြောင်းရေးကို ပေါ်ပေါ်ထင်ထင် တောင်းဆိုခဲ့သူဖြစ်သည်။ ထိုင်းနိုင်ငံတွင် တော်ဝင်အသရေဖျက်မှု ဥပဒေများ တင်းကျပ်စွာပြဋ္ဌာန်းထားပြီး ချိုးဖောက်ပါက ထောင်ဒဏ် ၁၅ နှစ်အထိကျခံရနိုင်သည်။

စနေနေ့က ဆန္ဒပြပွဲတွင် အန်နွန်က ဘုရင်မင်းမြတ်အတွက် နှစ်စဉ်ဘတ်ဂျက်ခွဲဝေပေးရမှုကို လျှော့ချပေးနိုင် မပေးနိုင်နှင့် ဘုရင်မင်းမြတ်၏ အခြေခံဥပဒေဆိုင်ရာ အခွင့်အာဏာကို လျှော့ချပေးနိုင် မပေးနိုင် မေးခွန်းထုတ်ခဲ့သည်။

"အခြေခံဥပဒေအောက်မှာရှိတဲ့ ဘုရင်စနစ်နိုင်ငံတစ်ခုကို ကျွန်တော်တို့ မြင်တွေ့လိုတာပါ။ အခြားစဉ်းစားထားတာ မရှိပါဘူး" ဟု သူကပြောဆိုသည်။

စက်တင်ဘာလ ၁၉ ရက်နေ့သည် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏  အိမ်စောင့်အစိုးရကို ဖြုတ်ချခဲ့သည့် စစ်တပ်အာဏာသိမ်းမှု ၁၄ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပြီး နိုင်ငံရေးကသောင်းကနင်းဖြစ်စဉ်များ၊ လမ်းပေါ် ဆန္ဒပြမှုများ ပေါ်ပေါက်အပြီးတွင် ၎င်း၏အစိုးရအဖွဲ့ ဖြုတ်ချခံလိုက်ရခြင်းဖြစ်သည်။ 

နိုင်ငံတွင် တော်ဝင်အသရေဖျက်မှု ဥပဒေအပါအဝင် ပြုပြင်ပြောင်းလဲမှုများစွာ လုပ်ဆောင်ရေး တောင်းဆိုသော လူငယ်များဦးဆောင်သည့် ဆန္ဒပြမှုများစွာ မကြာခင်က ပေါ်ပေါက်လာခဲ့ရာတွင် စနေနေ့ဆန္ဒပြပွဲလည်း အပါအဝင်ဖြစ်သည်။

ဆန္ဒပြပွဲကို အစိုးရဆန့်ကျင်ရေးနှင့် သမ်မာဆက် ညီညွတ်ရေးတပ်ဦး (UFTD) က ဦးဆောင်ကာ စနေနေ့နံနက်ပိုင်းတွင် သမ်မာဆက်တက္ကသိုလ် အပြင်၌ စုဝေး၍ စတင်ခဲ့ခြင်းဖြစ်သည်။ ကျောင်းဝင်းအတွင်း စုဝေးချီတက်ခြင်းကို တားမြစ်ကြောင်းပြီးခဲ့သည့် သီတင်းပတ်တွင် တက္ကသိုလ်က ကြေညာချက်ထုတ်ခဲ့သော်လည်း စီစဉ်ထားသည့်အတိုင်း ဆန္ဒပြပွဲကို လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။          

F-04