News

POST TYPE

NEWS

Covid-19 အန္တရာယ်ပျောက်ကင်းစေရန် ပရိတ်တရားတော်နှင့် ပဋ္ဌာန်းဒေသနာ လှည့်လည်ရွတ်ဖတ်
19-Sep-2020


ရန်ကုန်၊ စက်တင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ကျင်းပရေးကော်မတီတို့ ပူးပေါင်းစီစဉ်သည့် Covid-19 အမြန်ပျောက်ကင်းစေရန်အတွက် ပရိတ်တရားတော်နှင့် ပဋ္ဌာန်းဒေသနာတော်ကို ရန်ကုန်တိုင်းအတွင်း လှည့်လည်ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း ရန်ကုန်တိုင်းအစိုးရထံမှသိရသည်။

ဥပသကာများက ပရိတ်ပန်း၊ ပရိတ်ချည်၊ ပရိတ်ရေနှင့် ပရိတ်သဲများကို ဆရာတော်များထံ ဆက်ကပ်လှူဒါန်းကြပြီး သံဃာတော်များရွတ်ဖတ်သည့် အန္တရာယ်ကင်းပရိတ်တရားတော်များကို နာယူခဲ့ကြသည်။

"ဆရာတော်တွေ ရွတ်ဖတ်ခြင်းအားဖြင့် Covid-19 ရောဂါ လျော့ပါးသွားမယ်လို့လည်း ယုံကြည်ပါတယ်" ဟု နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးရှိန်ဝင်းကပြောကြားသည်။

ပရိတ်တရားတော်နှင့် ပဋ္ဌာန်းဒေသနာတော် လှည့်လည်ရွတ်ဖတ်ပူဇော်ခြင်းကို တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဦးစီးသည့် သံဃာတော် ၉ ပါးနှင့် သီလရှင် ၉ ပါးတို့က မော်တော်ယာဉ် ၆ စီးဖြင့် ထွက်ခွာပြီး ကမ္ဘာအေးဘုရားလမ်းမှ ဦးထောင်ဘိုလမ်း၊ ဦးဝိစာရလမ်း၊ ရွှေဂုံတိုင်လမ်း၊ အာဇာနည်လမ်းအတိုင်း ရွှေတိဂုံဘုရားအား သုံးပတ်ပတ်ကာ ၎င်းမှ ဦးထောင်ဘိုလမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ အလံပြဘုရားလမ်း၊ ဆူးလေဘုရားလမ်း၊ ကမ်းနားလမ်း၊ ရာဇဓိရာဇ်လမ်း၊ ပုဇွန်တောင်လမ်းအတိုင်း၊ ၎င်းမှ သံသုမာလမ်း၊ ဘုန်းကြီးလမ်းအတိုင်း ရွတ်ဖတ်ကြကာ မယ်လမုဘုရားတွင် ခေတ္တရပ်နားခဲ့ကြောင်း သိရသည်။

ထို့နောက် မယ်လမုဘုရားမှ ပြန်လည်ထွက်ခွာကာ သုဓမ္မာလမ်း၊ ခရေပင်လမ်း၊ ဘုရင့်နောင်လမ်းအတိုင်း ချောင်းဝဘုန်းကြီးကျောင်း၊ ဘုရင့်နောင်လမ်း၊ ကမ်းနားလမ်း၊ ဆူးလေဘုရားလမ်း၊ ကမ္ဘာအေးဘုရားလမ်း မှတစ်ဆင့် ကြားတောရလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကရုံးအထိ လမ်းတစ်လျှောက် ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။

J-03