News

POST TYPE

NEWS

အင်းစိန် GTI Quarantine Center ထပ်မံတိုးချဲ့၊ အင်းစိန်ဆေးရုံတွင်လည်း ရွေ့လျားကုသဆောင်တစ်ခုကို စတင်အသုံးပြု
19-Sep-2020


ရန်ကုန်၊ စက်တင်ဘာ ၁၉

အသွားအလာကန့်သတ်ခံရသူများနှင့် စောင့်ကြည့်လူနာများထားရှိသည့် အင်းစိန် GTI Quarantine Center မူလသုံးထပ်ဆောင်အပြင် နောက်ထပ် သုံးထပ်ဆောင်တစ်ခုကို တိုးချဲ့အသုံးပြုလာရပြီး အင်းစိန်ဆေးရုံတွင်လည်း ရွေ့လျားကုသဆောင် (Mobile Tent)တစ်ခုကို အသုံးပြုလာရပြီဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန် ကပြောကြားသည်။

၂၀၂၀ ပြည့်နှစ်၊ မတ်လကုန်ပိုင်းမှစတင်ကာ အင်းစိန်မြို့နယ်ရှိ COVID-19 လုပ်ငန်းများဆောင်ရွက်ရန်အတွက် ဖွင့်လှစ်အသုံးပြုခဲ့သော GTI Quarantine Center ကို အဆောင်နှစ်ခုခွဲကာ အသွားအလာကန့်သတ်မှုခံယူရမည့် လူနာများအတွက် အသုံးပြုထားကြောင်း ဦးဝေဖြိုးဟန် ကဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် ပြောဆိုထားခြင်းဖြစ်သည်။

ယခင်က မူလအသုံးပြုနေသော GTI Quarantine Center သုံးထပ်ဆောင်တွင် Quarantine ဝင်ရောက်နေသူ ၉၅ ဦးရှိပြီး ယခုအသစ် တိုးချဲ့ဖွင့်လှစ်လိုက်သော သုံးထပ်ဆောင်အသစ်တွင် Quarantine ဝင်ရောက်နေသူ ၅၂ ဦးကို ထားရှိလိုက်ပြီဖြစ်သည်။



ယင်းအဆောင်နှစ်အတွက် အုပ်ချုပ်စီမံသူများ၊ ကျန်းမာရေးစစ်ဆေးသူများ၊ လုံခြုံရေးတာဝန်ယူသူများ အပါအဝင် လုပ်အားပေး Volunteer ပရဟိတသမား ၃၀ ကျော်ဖြင့် ‌နေ့ညမပြတ်ကြိုးစားကူညီ ဆောင်ရွက်ပေးနေသည်ဟု ဦးဝေဖြိုးဟန် ကဆိုသည်။

အင်းစိန်ဆေးရုံကြီးတွင်လည်း COVID-19 သံသယလူနာများအား ကုသမှုပေးနိုင်ရေးအတွက် ၂၈ ဦးဆံ့ ရွေ့လျားကုသဆောင် (Mobile Tent) တစ်လုံး တိုးချဲ့ဆောင်ရွက်ထားရှိပြီးဖြစ်ပြီး အင်းစိန်ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်များ Quarantine ဝင် ရောက်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ကျန်းမာရေးဝန်ထမ်း Quarantine သမားများကို Hotel Quarantine သို့သာ ပို့ဆောင်ထားရှိပေးသွားမည်ဖြစ်သည်။

ပထမအကြိမ်က အင်းစိန်မြို့နယ်တွင် COVID-19 ရောဂါကူးစက်ခံရသူ အရေအတွက် ၄၅ ဦးရှိခဲ့ပြီး ယခုအချိန်တွင် ကူးစက်ခံရသူ အရေအတွက်မှာ ၁၀၁ ဦးရှိလာသည့်အတွက် စုစုပေါင်း ၁၄၆ ဦးရှိကာ ဆေးရုံးမှဆင်းခွင့်ရရှိပြီး နေအိမ်သို့ ပြန်လည်ရောက်ရှိသည့် အရေအတွက်မှာ ၄၆ ဦးရှိသည်။

S-09