News

POST TYPE

NEWS

ငြိမ်းချမ်းရေးမရပါက ပါတီစုံဒီမိုကရေစီလမ်းကြောင်းလျှောက်လှမ်းမှု အခက်အခဲဖြစ်မည်ဖြစ်ကြောင်း တပ်/ချုပ်ပြောကြား
19-Sep-2020


ရန်ကုန်၊ စက်တင်ဘာ  ၁၉

ငြိမ်းချမ်းရေးမရပါက ပါတီစုံဒီမိုကရေစီလမ်းကြောင်း လျှောက်လှမ်းမှုအခက်အခဲဖြစ်မည်ဖြစ်ကာ လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲဖြစ်ရန် ခက်ခဲမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကိုးကန့် နှင့် ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားခေါင်းဆောင်များနှင့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား စက်တင်ဘာလ ၁၈ ရက်နေ့က တွေ့ဆုံခဲ့ပြီး Covid-19ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ပေးအပ်ခဲ့ကာ ယင်းတွေ့ဆုံမှုတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလျက်ရှိပြီး လက်နက်ကိုင်၍ အခွင့်အရေးတောင်းဆိုမှုများသည် တိုင်းပြည်အတွက် ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေနိုင်သောကြောင့် ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောကြားသည်။

ထို့ပြင် တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန်အတွက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး နှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်များ ထုတ်ပြန်ကာ နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများ ရှိသည့်နေရာများမှအပ ကျန်နယ်မြေများတွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲပေးထားသော်လည်း အချို့သောလက်နက်ကိုင် အဖွဲ့အစည်းများသည် ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိလာခြင်းမရှိသေးကြောင်း၊ ထပ်မံ၍လည်း ယခုနှစ် စက်တင်ဘာလ ၃၀ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှုများကို ရပ်စဲပေးထားသဖြင့် ထာဝရငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများကို ထိထိရောက်ရောက် ဆောင်ရွက်သွားကြရန် လိုကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံ၏ အရိပ်အာဝါသ အောက်တွင် နေထိုင်ကြသည့် တိုင်းရင်းသားညီအစ်ကိုများ ဖြစ်သည့်အတွက် အချင်းချင်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေပါက တိုင်းပြည်အတွက် ဆုံးရှုံးနစ်နာခြင်းကိုသာဖြစ်ပေါ်စေပြီး ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မဖြစ်နိုင်သည့် နိုင်ငံရေးတောင်းဆိုမှုများကို မလုပ်ဆောင်ကြစေလိုဘဲ တိုင်းပြည်အတွက် ရေရှည်အကျိုးကိုကြည့်ကာ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် မည်သို့ပါဝင်လျှောက်လှမ်းမည်ကို စဉ်းစားကြစေလိုကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ထို့ပြင် အဆိုပါတွေ့ဆုံမှုတွင် တပ်ချုပ်အနေနှင့် မူးယစ်ဆေးဝါးနှိင်နင်းရေး ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ ဖြိုးရေး ကိစ္စရပ်များ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်ကြစေရေး ကိစ္စရပ်များ၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးကိစ္စရပ် များကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

အလားတူ တက်ရောက်လာကြသည့် တိုင်းရင်းသားခေါင်းဆောင်များနှင့် အဖွဲ့ဝင်များက ဒေသဖွံ့ ဖြိုးတိုးတက်ရေး ဆိုင်ရာများနှင့် ပတ်သက်၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံတင်ပြခဲ့ပြီး ၎င်းအနေနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းလည်း တပ်မတော်သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

S-04