News

POST TYPE

NEWS

ပလက်ဝရှိ တိုက်ပွဲရှောင်စခန်းနေသူများအတွက် စားနပ်ရိက္ခာပြတ်စပြုလာပြီဟုဆို
19-Sep-2020


တောင်ငူ၊ စက်တင်ဘာ ၁၉

ရခိုင်ပြည်နယ်နှင့်နယ်နိမိတ်ချင်း ထိစပ်နေသည့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ပေါ်နှင့်အနီးတစ်ဝိုက်ရှိ စစ်ဘေးရှောင်စခန်းများတွင် စားနပ်ရိက္ခာပြတ်စပြုလာပြီဟု ချင်းပြည် တိုက်ပွဲရှောင်ပြည်သူများ ပြန်လည်ကူညီရေးကော်မတီ (RRCCI) အဖွဲ့မှ ပြောရေးဆိုခွင့်ရှိ မိုင်နန်းဝေက ပြောကြားသည်။

"မြို့ပေါ်ကန့်တွေရယ် အခြားကန့်တွေပေါင်းရင် လေးခုလောက်ကျန်တယ်။ ဒီထဲကမှ ဆမီးမြို့ပေါ်ကန့်က မတူပီမြို့နယ်ဘက်က လမ်းကြောင်းပွင့်နေသေးတော့ အနည်းငယ်ခံသာမယ်။ ဒီဘက်ကန့်တွေက ဆန်ပြတ်လပ်စပြုနေပြီ" ဟု ၎င်းကပြောဆိုသည်။

ချင်းပြည်နယ်တောင်ပိုင်းတွင် ပြီးခဲ့သည့် တစ်နှစ်ကျော်မှစ၍ တပ်မတော်နှင့်ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့အကြား တိုက်ပွဲများ မကြာခဏဖြစ်ပေါ်နေသည့်အတွက် ပလက်ဝအနီးတစ်ဝိုက် ကျေးရွာများမှ စစ်ဘေးရှောင်ဦးရေ ၁၀ဝ၀ နီးပါးရှိနေခဲ့သည်ဟု စစ်ဘေးရှောင် အရေးကူညီဆောင်ရွက်ပေးနေသူများက ပြောကြားသည်။

ပလက်ဝ၊ ဆမီး၊ မီးဇာနှင့် စိမ့်စင်း စသည့် စစ်ဘေးရှောင်စခန်းများသို့ စားနပ်ရိက္ခာနှင့် ထောက်ပံ့ရေးပစ္စည်းများ အဓိကပို့ဆောင်ပေးသည့် လမ်းကြောင်းများအနက် ကျောက်တော်ဘက်မှလာသည့်လမ်းကြောင်းတစ်လျှောက် ကိုဗစ်-၁၉ ပိုးတစ်ကျော့ပြန် ခေါင်းထောင်လာသည့်အတွက် စစ်ဘေးရှောင်များအတွက်သာမက ဒေသခံများအတွက်ပါ အခက်အခဲကြုံနေရခြင်းဖြစ်သည်ဟု ၎င်းတို့ကပြောဆိုသည်။

"အဓိက စားနပ်ရိက္ခာဖြစ်တဲ့ ဆန် က ဒေသပေါက်ဈေး ကျပ်ခြောက်သောင်းလောက်ရှိတယ်။ ဆန်ကြမ်းပေါ့။ ဆေးဝါးပစ္စည်းတို့ ဘာတို့က ပြဿနာမရှိသေးပေမယ့် လျှပ်စစ်မီးခက်ခဲတာမျိုးကြုံရသေးတယ်" ဟု စစ်ဘေးရှောင်များကိုကူညီနေသူ ဦးရာကျော်က ပြောကြားသည်။

ချင်းပြည်နယ် ပလက်ဝစစ်ဘေး ရှောင်စခန်းလေးခု ပြန်ဖွင့်ထားရသည်မှာ ရှစ်လကျော်ကြာလာပြီဖြစ်ပြီး လူဦးရေတစ်သောင်းနီးပါးကို ချင်းပြည်စစ်ဘေး ရှောင်ပြည်သူများ အရေးပေါ်ကူညီရေး နှင့် ပြန်လည်ထူထောင်ရေးကော်မတီ (RRCCI) နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့သာမက အလှူရှင်များ၏ ထောက်ပံ့မှုများဖြင့် ရပ်တည်နေရသည်ဟု စစ်ဘေးရှောင်အရေး ဆောင်ရွက်နေသူများထံမှ သိရသည်။

R-02