News

POST TYPE

NEWS

ဘဏ္ဍာရေးနှင့် ငွေကြေးစီမံခန့်ခွဲမှုမြှင့်တင်နိုင်ရန် Financial Literacy Festival အစီအစဉ် စတင်မည်
17-Sep-2020
ရန်ကုန်၊ စက်တင်ဘာ ၁၇

မြန်မာနိုင်ငံတွင် SME လုပ်ငန်း စတင်လုပ်ကိုင်မည့်သူများ၊ ဝန်ထမ်းများနှင့် ကျောင်းသားများအတွက်အသုံးဝင်မည့် Financial Literacy Festival အစီအစဉ်ကို Prudential မြန်မာ၊ ရိုးမဘဏ်နှင့် Phandeeyar Institute တို့ ပူးပေါင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအစီအစဉ်သည် တစ်ပတ်ကြာမြင့်မည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ၊ မြန်မာနိုင်ငံရှိ Micro ၊ အသေးစားနှင့်အလတ်စားလုပ်ငန်းရှင် များနှင့် လုပ်ငန်းစတင်တည်ထောင်ထားသူများအတွက် ၎င်းတို့၏ ဘဏ္ဍာရေးဆိုင်ရာ အသိပညာ၊ ကျွမ်းကျင်မှုနှင့် စနစ်ကျသည့်စီမံခန့်ခွဲမှုများကို ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ရန်နှင့် ဒစ်ဂျစ်တယ်နည်းပညာများကို ချိတ်ဆက်အသုံးပြုနိုင်ရန်အတွက် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း ရိုးမဘဏ်ထံမှသိရသည်။

မြန်မာနိုင်ငံ၏ အင်တာနက်အသုံးပြုမှုသည် ၂၀၁၂ ခုနှစ်တွင် နိုင်ငံလူဦးရေ၏ ၄ ရာခိုင်နှုန်းသာ ရှိခဲ့သော်လည်း ယနေ့တွင် နိုင်ငံလူဦးရေ၏ ၉၀ ရာခိုင်နှုန်းနီးပါးမှာ မိုဘိုင်းလ်ဖုန်းများကို နေ့စဉ်အသုံးပြုနိုင်ပြီဖြစ်ကာ လူတိုင်းနီးပါး မိုဘိုင်းလ်ဖုန်းများ ပိုင်ဆိုင်လာကြသော်လည်း ဘဏ်အကောင့်ရှိသည့်လူဦးရေမှာ ဆတူတိုးပွားလာခြင်းမရှိခဲ့သည့်အပြင် အများစုမှာ အခြေခံဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာအသိအမြင်များအား နည်းသည်ကိုတွေ့ရကြောင်း ယင်းဘဏ်ထံမှ သိရသည်။

အစီအစဉ်အရ မြန်မာနိုင်ငံ၏ ပိုမိုကောင်းမွန်လာသည့် အင်တာနက်ချိတ်ဆက်မှုကိုအသုံးချကာ နည်းပညာနှင့်ဒစ်ဂျစ်တယ်နည်းလမ်းများဖြင့် ပြည်သူများအဓိကလိုအပ်နေသော ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲမှု အသိပညာများနှင့်ဖြေရှင်းနိုင်မည့်နည်းလမ်းများကို ရယူနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်သည်။

Financial Literacy Festival အစီအစဉ်တွင် နည်းပညာအထောက်အပံ့များနှင့် ကျွမ်းကျင်သူများ စုစည်းစေကာ အဓိကအုပ်စု ၃ ခုဖြစ်သည့် မြန်မာနိုင်ငံမှ အသေးစားနှင့် အလတ်စားလုပ်ငန်းများ၊ ကျောင်းသား၊ ကျောင်းသူများကို ဘဏ္ဍာရေးဆိုင်ရာအသိပညာများ၊ ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာအခြေခံများကို သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

ယခုအစီအစဉ်တွင် မြန်မာနိုင်ငံတစ်ဝန်းမှ စိတ်ဝင်စားသူ စွန့်ဦးတီထွင် လုပ်ငန်းရှင်များ၊ လုပ်ငန်းခွင်တွင် ဝင်ရောက်လုပ်ကိုင်နေသူများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းဦးရေ ၃၀ဝ၀ ခန့်အထိ ပါဝင်တက်ရောက်နိုင်မည်ဖြစ်ပြီး အွန်လိုင်းစနစ်ဖြင့် ရာနှုန်းပြည့် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
J-03