News

POST TYPE

NEWS

နေပြည်တော်ရှိ အငြိမ်းစားဝန်ထမ်းအိမ်ရာများ ပထမအကြိမ် မဲနှိုက်ရွေးချယ်မှု စတင်
17-Sep-2020


ရန်ကုန်၊ စက်တင်ဘာ ၁၇

နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ ပျဉ်းမနား-တောင်ညိုလမ်းဘေး (မြို့မဈေးအနီး) ရှိ  ပထမအဆင့်တည်ဆောက်ပြီးစီးသည့် အငြိမ်းစားဝန်ထမ်းအိမ်ရာ မဲနှိုက်ရွေးချယ်မှုကို စက်တင်ဘာလ ၁၇ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ငွေပေးသွင်းထားသူများအတွက် ပထမအကြိမ် မဲနှိုက်ရွေးချယ်မှုကို NPTDC Webportal Facebook Page တွင် တိုက် ၃၉ လုံးရှိ ပထမထပ် ၁၄၈ ခန်းအတွက် အွန်လိုင်းစနစ်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ခန်းများကို ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့အထိ နောက်ဆုံးထားလျှောက်ထားခွင့်ပြုခဲ့ခြင်းဖြစ်ပြီး လေးခန်းတွဲ လေးထပ်အဆောက်အအုံအနေဖြင့် အခန်းပေါင်း ၁၀ဝ၀ ဆောက်လုပ်နေခြင်းဖြစ်ကာ စုစုပေါင်း မြေအကျယ်အဝန်း ၇၀ ဧကအပေါ်တွင် အခန်းအကျယ်အဝန်း အနေဖြင့် ၆၅၀ စတုရန်းအခန်းများဖြစ်ပြီး ဈေးနှုန်းအနေဖြင့် အထပ်အလိုက် ကျပ် သိန်း ၂၂၀ မှ ကျပ်သိန်း ၂၅၀ အထိ တန်ဖိုးသတ်မှတ်ထားသည်။

အခန်းဝယ်ယူသူများအနေဖြင့် တန်ဖိုးငွေ ၃၀ ရာခိုင်နှုန်းပေးသွင်းပြီး ကျန်ရှိသည့် ၇၀ ရာခိုင်နှုန်းကို ၃ နှစ်၊ ၅ နှစ်နှင့် ၁၀ နှစ် အရစ်ကျဘဏ်ချေးငွေစနစ် ဖြင့် ဝယ်ယူခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း နေပြည်တော်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ဒုတိယအသုတ် မဲနှိုက်ရွေးချယ်ခြင်းကို စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၉ နာရီတွင် ထပ်မံပြုလုပ်သွားမည်ဖြစ်ပြီး ပထမအဆင့်တည်ဆောက်ပြီးစီးသည့် တိုက် ၃၉ လုံးမှ ဒုတိယအထပ် ၁၂၄ ခန်း နှင့် တတိယအထပ်ရှိ အခန်း ၁၁ ခန်းကို မဲနှိုက်ရွေးချယ်ပေးသွားမည်ဖြစ်သည်။

J-03