News

POST TYPE

NEWS

ဘာစီလိုနာကိုအနိုင်ရရန် လီဝန်ဒေါစကီးက ဦးဆောင်ပေးနိုင်လိမ့်မည်ဟု လိုသာမာသီးယက်စ် ယုံကြည်
14-Aug-2020


မြူးနစ်၊ သြဂုတ် ၁၃

ပိုလန်တိုက်စစ်မှူးလီဝန်ဒေါစကီးသည် ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်ပြီး မက်ဆီ၏ဘာစီလိုနာအသင်းကို အနိုင်ယူကျော်ဖြတ်ရန်အတွက် ဘိုင်ယန်မြူးနစ်ကို ဦးဆောင်မှုပေးနိုင်လိမ့်မည်ဟု အသင်းဂန္တဝင် လိုသာမာသီးယက်စ်က ယုံကြည်နေကြောင်း Bild က ဖော်ပြထားသည်။ 

ဘိုင်ယန်မြူးနစ်နှင့် ဘာစီလိုနာတို့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တွင် ထိပ်တိုက်တွေ့ဆုံရာ၌ ပိုလန်တိုက်စစ်မှူးက လာမည့်နှစ် ဘလွန်းဒီအော်ဆုအတွက် မက်ဆီကို ရင်ဆိုင်ကျော်ဖြတ်ရန်အသင့်ရှိနေမည်ဟု လိုသာမာသီးယက်စ်ကဆိုခဲ့သည်။ 

၁၉၉၀ ကမ္ဘာ့ဖလားချန်ပီယံ လိုသာမာသီးယက်စ်က "မက်ဆီဟာသူ့နေရာကို ဆက်ခံမယ့် ကမ္ဘာ့အကောင်းဆုံးကစားသမားနဲ့ ထိပ်တိုက်တွေ့နေပါတယ်။ လီဝန်ဒေါစကီးနဲ့ပတ်သက်ရင် အကောင်းဆုံးတိုက်စစ်မှူးနဲ့တင် မလုံလောက်ပါဘူး။ သူဟာ အကောင်းဆုံးကစားသမားပါ။ ယနေ့ဘာစီလိုနာဟာ ယခင်လိုမဟုတ်တော့ပါဘူး။ သူတို့မှာ မက်ဆီလိုထူးခြား တဲ့ကစားသမားရှိပါတယ်။ ဒါပေမဲ့ ဘိုင်ယန်ကို အနိုင်ရဖို့ သူတစ်ယောက်ထဲနဲ့ မလုံလောက်ပါဘူး။ ဘာစီလိုနာဟာ ကျွန်တော့် အတွက်တော့ ထိတ်လန့်စရာအသင်း မဟုတ်ပါဘူး"ဟုဆိုခဲ့သည်။ 

လီဝန်ဒေါစကီးသည် ယခုရာသီပြိုင်ပွဲစုံတွင် ဘိုင်ယန်မြူးနစ်အတွက် ၅၃ ဂိုးသွင်း၊ ၈ ကြိမ် ဖန်တီးပေးထားပြီး မက်ဆီမှာ ယခုရာသီတွင် ၃၁ ဂိုးသွင်းကာ ဖန်တီးမှု ၂၅ ကြိမ် ပြုလုပ်ထားနိုင်သူ ဖြစ်သည်။

ငြိမ်းပြည့်