News

POST TYPE

NEWS

ကရင့်အာဇာနည်နေ့ဦးဆောင်ကျင်းပသူ ငြိမ်းစုစီဥပဒေဖြင့် ဖမ်းဆီးခံရ
12-Aug-2020


ရန်ကုန်၊ သြဂုတ် ၁၂

နှစ် ၇၀ ပြည့် ကရင်အာဇာနည်နေ့ အခမ်းအနားဦးဆောင်ကျင်းပသူ စသိန်းဇော်မင်းကို ကျောက်တံတားမြို့နယ် ရဲစခန်းက ခွင့်ပြုမိန့်မရှိပဲကျင်းပခဲ့ခြင်းကြောင့် ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့်ဖမ်းဆီးသွားကြောင်း ယင်းအခမ်းအနားပါဝင်သူတစ်ဦးဖြစ်သူ ဒေါ်နော်အုန်းလှက ပြောကြားသည်။

အဆိုပါအခမ်းအနားကို သြဂုတ် ၁၂ ရက်တွင် ရန်ကုန်မြို့ရှိမဟာဗန္ဓုလပန်းခြံတွင် နံနက် ၈ နာရီတွင် ကျင်းပခဲ့ပြီး ကရင်အမျိုးသားခေါင်းဆောင် စောဘဦး၏ကြေးရုပ်ကို အလေးပြုခြင်း၊ လွမ်းသူပန်းခွေချခြင်းများပြုလုပ်ခဲ့ကြသည်။

ယင်းအခမ်းအနားပြုလုပ်ရန် သြဂုတ်လ ၉ ရက်တွင်ကျောက်တံတားမြို့နယ် ရဲစခန်းထံအကြောင်းကြားသော်လည်း ခွင့်ပြုပေးခဲ့ခြင်းမရှိပဲ။ သြဂုတ် ၁၁ ရက်တွင် အထွေထွေအုပ်ချုပ်ရေးမှူးကဖုန်းဆက်၍ ထွေအုပ်ရုံးသို့လာရောက် ဆွေးနွေးရန်အကြောင်းကြားခဲ့ပြီး ဆွေးနွေးချိန်တွင် စာထုတ်ပေးပြီးကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ကျင်းပရန်ဖြစ်ပြီး သိရှိကြောင်းလက်မှတ်ထိုးခဲ့သည်။

ထို့အပြင် အခမ်းအနားကျင်းပရန် နံနက် ၈ နာရီမှ နေ့လည် ၂ နာရီအထိခွင့်ပြုချက်တောင်းထားပြီး ၁၁ နာရီတွင် သက်ဆိုင်ရာအာဏာပိုင်များကလာရောက်တား မြစ်ခဲ့ကြောင်းဒေါ်နော်အုန်းလှက ရှင်းပြသည်။

“ အခုချိန်ထိတိုင်းရင်းသားတွေကိုဌာနဆိုင်ရာတွေကအစိုးရနဲ့ ပူးပေါင်းပြီးဖိနှိပ်တုန်းဆိုတာပေါ်လွင်နေတယ်။ နှစ်တိုင်းဒီပြဿနာတွေဖြစ်တယ်။ အစိုးရသည် တိုင်းရင်းသားအခွင့်အရေးကို ကာကွယ်ပေးရမယ်၊ စောင့်ရှောက် ပေးရမယ်၊ ဥပဒေမှာပါတဲ့အခွင့်အရေးကိုလုပ်ပေးရမယ်” ဟု၎င်းကပြောကြားသည်။

ယခင်နှစ် ၆၉ နှစ်မြောက်ကရင်အာဇာနည်နေ့တွင် အမှုဖွင့်ဝရမ်းထုတ်ထားသော ဒေါ်စိန်ထွေးကိုလည်း ငြိမ်းစုစီ ပုဒ်မ ၁၉ဖမ်းဆီးခဲ့ပြီး ရုံးတင်ထား၍ ၎င်းသည်ယခင်နှစ်က ဒေါ်နော်အုန်းလှ၏အမှုတွဲဖြစ်သည်။

ယခင် ၆၉ နှစ်မြောက် ကရင်အာဇာနည်နေ့တွင် ဦးဆောင်ကျင်းပခဲ့သော ဒေါ်နော်အုန်းလှ၊ စသိန်းဇော်မင်းနှင့် စောအယ်ဘတ်ချိုတို့ကို ငြိမ်းစုစီ ပုဒ်မ ၂၀ ဖြင့် တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် ၁၅ ရက်အမိန့်ချမှတ်ခဲ့သည်။

J-02