News

POST TYPE

NEWS

ရော်ဘာထုတ်လုပ်မှုမြှင့်တင်ရန် ဖိုရမ်ကျင်းပမည်
12-Aug-2020

ရန်ကုန်၊ သြဂုတ် ၁၁ 

မြန်မာ့ရော်ဘာကဏ္ဍတွင် ပါဝင်ဆောင်ရွက်သူများအားလုံး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ရော်ဘာစိုက်ပျိုးသူ၊ ထုတ်လုပ်သူနှင့် TSR စက်ရုံများ၏ ယှဉ်ပြိုင်နိုင်စွမ်းတိုးတက်ရေးအတွက် နှီးနှောဖလှယ်ပွဲ (Forum) တစ်ရပ်ကျင်းပမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

ထို့ပြင် ရော်ဘာကဏ္ဍထုတ်လုပ်မှု မြှင့်တင်ရေး၊ ဈေးနှုန်းရရှိရေး၊ အရည်အသွေးမြှင့်တင်ရေးအတွက် လိုအပ်သည့်ထိန်းကျောင်းမှုများ ဆောင်ရွက်သွားနိုင်ရန် ဖိုရမ်ကို ရန်ကုန်မြို့တွင် ကျင်းပသွားမည်ဖြစ်ပြီး ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် JICA ကဲ့သို့ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများနှင့်လည်း ချိတ်ဆက်၍ နည်းပညာအကူအညီများ ရယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သြဂုတ်လ ပထမပတ်အတွင်းက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူများကို တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများ အသင်းတို့အကြား နားလည်မှုစာချွန်လွှာကို ၂၀၁၆ ခုနှစ်တွင်လက်မှတ်ရေးထိုး၍  မြန်မာ့သဘာဝရော်ဘာအရည်အသွေး စမ်းသပ်စစ်ဆေးရေး ဓာတ်ခွဲခန်းကို စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး) တွင် တည် ထောင်ခဲ့ခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် မလေးရှားရော်ဘာဘုတ်အဖွဲ့က ဓာတ်ခွဲခန်းကို လာရောက်စစ်ဆေးခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် အသင်းဝင်ဓာတ်ခွဲခန်းများ၏ သဘာဝရော်ဘာအရည်အသွေး စမ်းသပ်ခြင်း၊ အရည်အချင်းစစ်ဆေးမှု အစီအစဉ်များ ပါဝင်ဖြေဆိုခဲ့ရာ လေးကြိမ်ဆက်တိုက် အောင်မြင်ခဲ့သည့်အတွက် အပြည်ပြည်ဆိုင်ရာ ရော်ဘာအသင်း အသိအမှတ်ပြုလက်မှတ်ရ ဓာတ်ခွဲခန်းတစ်ခု ဖြစ်လာတော့မည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

S-07