News

POST TYPE

NEWS

ကိုပင်ဟေဂင်နှင့်ပွဲစဉ်တွင် ခြေစွမ်းပြခဲ့သည့် မာရှယ်ကို မန်ယူအသင်းကြယ်ပွင့်ဟောင်းများ ချီးကျူး
12-Aug-2020


မန်ချက်စတာ၊ သြဂုတ် ၁၁

ကိုပင်ဟေဂင်ကို အနိုင်ရခဲ့သည့် ယူရိုပါလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်မှ မာရှယ်၏ ခြေစွမ်းကို BT Sport ရုပ်သံတင်ဆက်သူများအဖြစ် ပါဝင်ခဲ့သည့် မန်ယူကြယ်ပွင့်ဟောင်းများက ချီးကျူးဂုဏ်ပြုခဲ့ကြောင်း Dailymail က ဖော်ပြခဲ့သည်။ 

မာရှယ်သည် ယင်းပွဲစဉ်တွင်အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးဖြစ် စေမည့် ပင်နယ်တီအခွင့်အရေးကို ဖန်တီးပေးခဲ့ပြီး မန်ယူအသင်း ဆီမီးဖိုင်နယ်တက် ရောက်ရေးတွင် အဓိကနေရာမှ ပါဝင်ပေးခဲ့သည်။ 

“လူတိုင်းက မာရှယ်အပေါ်အမြင် အမျိုးမျိုးရှိကြပါတယ်။ သူက ဖာရာရီပြိုင်ကား တစ်စီးလိုပါပဲ။ ပေါင်သန်း ၁၀၀ တန် ကစားသမားတစ်ဦးလို ခြေစွမ်းပြခဲ့ပါတယ်”ဟု အိုဝင်ဟားဂ ရေ့ဗ်ကချီးကျူးခဲ့သည်။ 

ဆက်လက်ပြီး ပေါလ်စခိုးလ်က “သူဟာ ပွဲစဉ်တိုင်းမှာ နံပါတ် ၉ နေရာကို ပိုပြီးပျော်ဝင်လာနိုင်တာ တွေ့ရပါတယ်။ ပုံမှန်အားဖြင့် အဆုံးသတ်ကောင်းပေမယ့် ဒီညမှာတော့ ဂိုးရအောင်မလုပ်နိုင်ခဲ့ပါဘူး” ဟု ဆိုခဲ့သည်။ 

မန်ယူတိုက်စစ်မှူးဟောင်း ဗန်ပါစီကလည်း မာရှယ်သည် ၎င်း၏အသင်းဖော် များကို အမြဲတမ်းစောင့်ကြည့်တတ်သူဖြစ်ပြီး ယင်းအချက်မှာ အခြားသောကစား သမားများနှင့်ကွဲပြားခြားတားသည်ဟု သုံးသပ်ခဲ့သလို ကမ္ဘာ့အဆင့်မီကစားသမားတစ်ဦးဖြစ်ကြောင်း ချီးကျူးခဲ့သည်။ 

မာရှယ်သည် မန်ယူကစားသမား ဘဝအစောပိုင်းကာလများတွင် တောင်ပံကစားသမားအဖြစ်သာ အများဆုံးကစား ခဲ့သော်လည်း နည်းပြဆိုးလ်ရှားလက် အောက်တွင် အထောင်တိုက်စစ်မှူးအဖြစ် ပါဝင်နေရပြီး ၂၀၁၉-၂၀ဘောလုံးရာသီမှာ ၎င်းအတွက် အပြောင်မြောက်ဆုံးနှစ် တစ်နှစ်ဖြစ်နေသည်။

ငြိမ်းပြည့်