News

POST TYPE

NEWS

နိုင်ငံ ၁၀ ခုမှ မြန်မာနိုင်ငံသားများ ပြန်လည်ရောက်ရှိ
11-Aug-2020
ရန်ကုန်၊ သြဂုတ် ၁၁

ပြည်ပနိုင်ငံ ၁၀ ခုမှ မြန်မာနိုင်ငံသို့ပြန်လာရန် အခက်အခဲရှိနေသည့် မြန်မာနိုင်ငံသား ၁၀၀ နီးပါးသည် ကိုးရီးယားနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

Covid-19 ကူးစက်ရောဂါကာလတွင်း၌ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသည့် နိုင်ငံအရပ်ရပ်မှ မြန်မာနိုင်ငံသားများအတွက် သြဂုတ်လ ၁၁ ရက်နေ့တွင် ၁၇ ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ကို ပျံသန်းပြေးဆွဲပေးခဲ့ရာ ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသား ၂၉ ဦး၊ အမေရိကန်ပြည်ထောင်စုမှ ၂၉ ဦး၊ အင်ဒိုနီးရှားမှ ၅ ဦး၊ ဗြိတိန်မှ ၄ ဦး၊ ဂျပန်မှ ၄ ဦး၊ ပြင်သစ်မှ ၃ ဦး၊ နော်ဝေမှ ၃ ဦး၊ ဂျာမနီမှ ၂ ဦး၊ ဆွစ်ဇာလန်မှ ၂ ဦးနှင့် သင်္ဘောသား ၁၆ ဦး၊ စုစုပေါင်း ၉၇ ဦးတို့ စီးနင်းလိုက်ပါလာခဲ့သည်။

ယင်းနိုင်ငံများအပြင် သြဂုတ်လ ၁၁ ရက်နေ့က Covid-19 တားဆီးကာကွယ်ရေး အစီအမံများကြောင့် စင်ကာပူနိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသည့် မြန်မာနိုင်ငံသားများအား ၁၃ ကြိမ်မြောက် Relief Flight အဖြစ် မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airlines-MNA) ဖြင့် စင်ကာပူနိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ဆက်လက်ထုတ်ပြန်ထားသည်။

အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် စင်ကာပူနိုင်ငံသို့ ကာလတိုလာရောက်စဉ် ပိတ်မိနေသူများ၊ စင်ကာပူနိုင်ငံတွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ အလုပ်လုပ်ခွင့်ပါမစ် ဖျက်သိမ်း။ ရပ်နားခံထားရသူများ၊ ပြစ်ဒဏ်ကျခံပြီး လွတ်မြောက်လာသူများ၊ မြန်မာနိုင်ငံ၌ ဆေးကုသမှုပြန်လည်ခံယူရန် လိုအပ်နေသူများ၊ သင်္ဘောသားများအပါအဝင် စုစုပေါင်း ၁၅၀ ဦး လိုက်ပါလာခဲ့သည်။

ယင်းအတွက်ကြောင့် မေလမှစတင်ပြီး ယခုအချိန်အထိ ပြည်ပနိုင်ငံအသီးသီးသို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လာရန်အခက်အခဲဖြစ်နေသည့် မြန်မာနိုင်ငံသားများကို ကယ်ဆယ်ရေးလေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ အရေအတွက် တစ်သောင်းကျော်အထိ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။

မြန်မာအစိုးရအနေနှင့် ပြည်ပနိုင်ငံများသို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လာရန် အခက်အခဲဖြစ်နေသူများကို သြဂုတ်လကုန်အထိ ပြန်လည်ခေါ်ဆောင်မည်ဟု အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက ပြောကြားထားသည်။

S-09