News

POST TYPE

NEWS

ဒဂုံဆိပ်ကမ်းရှိ နိုင်ငံ့ဝန်ထမ်းအိမ်ရာစီမံကိန်း ပထမအဆင့် တည်ဆောက်ပြီးစီး
11-Aug-2020


ရန်ကုန်၊ သြဂုတ် ၁၁

Yangon Metropolitan Development အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်က အဓိကတာဝန်ယူတည်ဆောက်နေသည့် နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာစီမံကိန်း ပထမအဆင့်တည်ဆောက်ရေးလုပ်ငန်းများ အားလုံးပြီးစီးသွားပြီဖြစ်ကြောင်း YMD Public Co., Ltd. ထံမှ သိရသည်။ 

အဆိုပါစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မြို့ပြနှင့် အိမ်ရာဖွံဖြိုးရေး ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးက အနီးကပ်စီမံကြီးကြပ်ခဲ့ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

ယင်းစီမံကိန်းကို ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၇၃ ရပ်ကွက်၊ မြနန္ဒာလမ်းပေါ်တွင် တည်ဆောက်လျက်ရှိပြီး စီမံကိန်း ပထမအဆင့်တွင် ၈ ခန်းတွဲ ၅ ထပ်တိုက် ၈ လုံးပါဝင်သည်။

ထပ်မံ၍ စီမံကိန်းဒုတိယအဆင့်ဖြစ်သည့် ၈ ခန်းတွဲ ၅ ထပ်တိုက် ၆ လုံးကို တည်ဆောက်နေပြီး အဆိုပါအဆောက်အအုံအသစ်များကို ယခုနှစ် နိုဝင်ဘာလတွင် ပြီးစီးရန်မျှော်လင့်ထားကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။ 

အဆိုပါနိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာစီမံကိန်းတွင် ၈ ခန်းတွဲ ၅ ထပ်တိုက် ၁၄ လုံး၊ လူနေအိမ်ခန်း ၄၄၈ ခန်းနှင့် Shop House ၂၈ ခန်း၊ စုစုပေါင်း ၄၇၆ ခန်းပါဝင်ပြီး စီမံကိန်းပြီးစီးပါက ရန်ကုန်တိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ငှားရမ်းနေရာချထားပေးသွားမည်ဖြစ်သည်။

လက်ရှိတွင် အစိုးရသည် ပုဂ္ဂလိကဆောက်လုပ်ရေး လုပ်ငန်းရှင်များနှင့်ပူးပေါင်းကာ အငှားအိမ်ရာ အခန်း ၁၀,ဝ၀၀ တည်ဆောက်ရေးလုပ်ငန်းများကို ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့များတွင် ဆောက်လုပ်အကောင်ထည်ဖော်လျက်ရှိပြီး ယင်းအိမ်ရာများကို ၆ လအတွင်း တည်ဆောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်ထံမှ သိရသည်။

J-03