News

POST TYPE

NEWS

အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်စေသည့် ဆိုင်ကယ်အိတ်ဇောများကို လမ်းကြိတ်စက်ဖြင့် ဖျက်ဆီး
10-Aug-2020


မိတ္ထီလာ၊ သြဂုတ် ၁၀

မန္တလေးတိုင်း မိတ္တီလာမြို့နယ်အတွင်း၌ အများပြည်သူစိတ်အနှောင့်အယှက်ဖြစ်စေသော ဆိုင်ကယ်အိတ်ဇောများကို သြဂုတ်လ ၁၀ ရက်နေ့က မိတ္ထီလာခရိုင် စုပေါင်းရုံးအနီးတွင်ဖျက်ဆီးခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရဲတပ်ဖွဲ့ ထံမှ သိရသည်။

မိတ္တီလာမြို့ပေါ်လမ်းများတွင် အများပြည်သူစိတ်အနှောင့်အယှက်ဖြစ်စေသော အိတ်ဇောတပ်ဆိုင်ကယ်မောင်းနှင်သူများကို မော်တော်ယာဉ် ဥပဒေဖြင့် ဖမ်းဆီးအရေးယူခဲ့ပြီး ယင်းအမှုများမှဆိုင်ကယ်အိတ်ဇော စုစုပေါင်း ၁၆၃ ခုကို စည်ပင်ပိုင် လမ်းကြိတ်စက်ဖြင့်ဖျက်ဆီးခဲ့ကြောင်း၊ မော်တော်ယာဉ် ဥပဒေသစ်ကိုလည်း အများပြည်သူသိရှိနိုင်စေရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မိတ္ထီလာမြို့ အမှတ်-၉၆ ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ဒုရဲမှူး ရန်နိုင်က ပြောကြားသည်။

ဆိုင်ကယ်အိတ်ဇောများဖျက်ဆီးရာသို့ မိတ္တီလာခရိုင်အုပ်ချုပ်ရေးမှူးဦးသက်လွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အုန်းဟန်ဦးတို့ လာရောက်ကြည့်ရှုခဲ့ကြပြီး မိတ္တီလာအမှတ်-၉၆ ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ဒုရဲမှူးရန်နိုင်ဦးဆောင်သော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ဖျက်ဆီးခဲ့ကြသည်။

R-01