News

POST TYPE

NEWS

နိုင်ငံရေးအင်အားစုများ လက်တွဲဆောင်ရွက်ရန် ရှစ်လေးလုံးနှစ်ပတ်လည်နေ့ သဘောထားထုတ်ပြန်
09-Aug-2020

၃၂ နှစ်မြောက် ရှစ်လေးလုံးအခမ်းအနားကို ရန်ကုန်မြို့ရှိ မဟာဗန္ဓုလပန်းခြံတွင် ကျင်းပခဲ့ပြီး ပန်းခြံအရှေ့ ၌ သပိတ်များမှောက်ထား၍ နှင်းဆီပန်းများချခြင်း၊ ၈ စက္ကန့် ငြိမ်သက်အလေးပြုခြင်း၊ ရင်ပြင်နီအဖြစ်ပြုလုပ်ထားသော မြေကွက်လပ်တွင် ပန်းများကြဲထားခြင်းတို့ ပြုလုပ်ခဲ့သည်

ရန်ကုန်၊ သြဂုတ် ၈

ပြည်သူတစ်ရပ်လုံး၏ ဆန္ဒနှင့် ရည်မှန်းချက်များအောင်မြင်စေရေးအတွက် ရှစ်လေးလုံးမျိုးဆက်များ၊ တိုင်းရင်းသား အင်အားစုများ၊ နိုင်ငံရေးမျိုးဆက်အသီးသီးနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများအားလုံး မဟာမိတ်မူဝါဒဖြင့်လက်တွဲ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း ၃၂ နှစ်မြောက် ရှစ်လေးလုံးနှစ်ပတ်လည်နေ့ သဘောထားကြေညာချက်ကို ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ပြင် ယင်းသဘောထား ကြေညာချက်တွင် ပြည်တွင်းငြိမ်းချမ်းရေး၊ တရား မျှတမှုဖော်ဆောင်ရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ပပျောက်၍ ယင်းတို့ကိုဖော်ဆောင်နိုင်ရန် အစိုးရ၊ တိုင်းရင်းသားများနှင့် ဒီမိုကရေစီအင်အားစုများအားလုံးဆက်လက်ကြိုးပမ်းကြရမည်ဖြစ်ကြောင်း တိုက်တွန်းထားသည်။

၃၂ နှစ်မြောက် ရှစ်လေးလုံးနှစ်ပတ်လည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ရှိ မဟာဗန္ဓုလပန်းခြံ၌ နံနက် ၈ နာရီတွင် ကျင်းပခဲ့ပြီး ပန်းခြံအရှေ့တွင် သပိတ်များ မှောက်ထား၍ ဝမ်းနည်းခြင်း အထိမ်း အမှတ်အဖြစ် နှင်းဆီပန်းများချခြင်း၊ ၈စက္ကန့်ငြိမ်သက်အလေးပြုခြင်း၊ ရင်ပြင်နီအဖြစ်ပြုလုပ်ထားသောမြေကွက်လပ်တွင် ပန်းများကြဲထားခြင်းတို့ ပြုလုပ်ခဲ့ သည်။

ထို့ပြင် မဟာဗန္ဓုလပန်းခြံအရှေ့ တွင် ၃၂နှစ်ပြည့် ရှစ်လေးလုံး အထိမ်း အမှတ်အဖြစ် ဆိုင်းဘုတ်များထောင်ခြင်း၊ ရှစ်လေးလုံးကို နှင်းဆီပန်းများဖြင့် ပုံဖော်ထားခြင်း၊ အလားတူမြို့တော်ခန်းမ ရှေ့တွင်လည်း ၃၂ နှစ် ပြည့် ရှစ်လေးလုံး အထိမ်းအမှတ်အဖြစ် ဆိုင်းဘုတ်ထောင်ထားပြီး အခမ်းအနား လာရောက်သူ နိုင်ငံရေးသမားများ၊ နိုင်ငံရေး အင်အားစု များက ကျဆုံးခဲ့သော ရဟန်းရှင်၊ လူ၊ ကျောင်းသား၊ ကျောင်းသူများအတွက် ပန်းစည်းချ၊ အလေးပြုခြင်းများလည်း ပြုလုပ်ခဲ့သည်။

“ရှစ်လေးလုံး အရေးတော်ပုံကြီး ကို စစ်အစိုးရ အဆက်ဆက်က အကြီး အကျယ် ပုံဖျက်ခဲ့တာ။ အဲဒီအခြေအနေက နေပြီး အကြီးအကျယ်ပုံဖျက်ခံခဲ့ရတဲ့ အရေးတော်ပုံကြီးကို နိုင်ငံတော်အဆင့်လူထုအရေးတော်ပုံကြီးအဖြစ် အသိ အမှတ်ပြုအောင် ကျွန်တော်တို့ ကြိုးစား နိုင်ခဲ့တယ်။ ၈၈မျိုးဆက်တွေအတွက်လည်း ဂုဏ်ယူတယ်”ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး (၈၈ မျိုးဆက် ကျောင်းသား ဟောင်း) က ပြောကြားသည်။

ထို့ပြင်ရှစ်လေးလုံးအရေးတော်ပုံတွင် ကျဆုံးသွားသော ရဟန်းရှင်၊ လူ၊ ကျောင်းသား၊ ကျောင်းသူများအတွက် ရှစ်လေးလုံးမျိုးဆက်များက သင်္ဃန်းကျွန်း မြို့နယ်ရှိ မဂ္ဂင်ဘုန်းကြီးကျောင်းတွင် ရေစက်ချအမျှဝေခြင်း၊ သံဃာတော်များကို နေ့ဆွမ်းကပ်ခြင်းများပြုလုပ်ခဲ့ကြသည်။

J-02