News

POST TYPE

NEWS

အမေရိကနှင့် ကိုရီးယားရှိမြန်မာ ၁၃၀ ဦး ပြန်လာမည်
06-Aug-2020
ရန်ကုန်၊ သြဂုတ် ၆

အမေရိကန်ပြည်ထောင်စုနှင့် ကိုရီးယားနိုင်ငံသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသားနှင့် မြန်မာသင်္ဘောသား ၁၃၀ ဦးသည် သြဂုတ်လ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလာမည်ဖြစ်ကြောင်း မြန်မာသံရုံး (ဝါရှင်တန်)က ထုတ်ပြန်သည်။

COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်ပနိုင်ငံများတွင် ရောက်ရှိပိတ်မိနေသည့် မြန်မာနိုင်ငံသားများကို ကယ်ဆယ်ရေးလေယာဉ်များပြေးဆွဲကာ ပြန်လည်လက်ခံလျက်ရှိသည်။

ယင်းအတွက်ကြောင့် အမေရိကသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများကို ကိုရီးယားနိုင်ငံ အင်ချွန်းလေဆိပ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်သွားရောက်နိုင်ရေးအတွက် အပတ်စဉ်ကယ်ဆယ်ရေးလေယာဉ်ဖြင့် ခေါ်ဆောင်နေသော်လည်း မြန်မာနိုင်ငံသား ခရီးသည်အရေအတွက်မှာ များစွာကျန်ရှိနေပြီး အပတ်စဉ်ကယ်ဆယ်ရေးခရီးစဉ်ဖြင့် လုံလောက်မှုမရှိ၍ အထူးလေယာဉ်ပြေးဆွဲပေးရန် သက်ဆိုင်ရာဌာနများသို့ တင်ပြခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ယင်းတင်ပြချက်ကြောင့် အသွားအလာကန့်သတ်မှုပြုလုပ်မည့်နေရာများ လုံလောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေများ သင့်တော်လုံလောက်မှု ရှိသည့်အတွက် သြဂုတ်လ ၁၂ ရက်နေ့တွင် အဆိုပါနိုင်ငံများရှိ မြန်မာနိုင်ငံသားများ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။

သြဂုတ်လ ၁၂ ရက်နေ့ ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်လိုက်ပါလာမည့်သူများမှာ အမေရိကရောက် မြန်မာနိုင်ငံသား ၉၅ ဦး၊ ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသား ၂၀ ဦး၊ မြန်မာသင်္ဘောသား ၁၅ ဦးတို့ဖြစ်သည်။

အမေရိကနှင့် ကိုရီးယားနိုင်ငံတို့ရှိ မြန်မာနိုင်ငံသားများကို အပတ်စဉ် ကယ်ဆယ်ရေးလေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ပေးခဲ့ရာ မေလမှစတင်ပြီး သြဂုတ်လအထိ ခရီးစဉ် ၁၅ ကြိမ်အတွင်း မြန်မာနိုင်ငံသား ၄၉၁ ဦးအထိ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ပြီဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

S-09