News

POST TYPE

NEWS

YBS ယာဉ်မောင်းများ၏ မောင်းနှင်မှုပုံစံကို Smart Card နှင့် ချိတ်ဆက်ထိန်းချုပ်သွားမည်
06-Aug-2020


ရန်ကုန်၊ သြဂုတ်-၆

YBS မော်တော်ယာဉ်များ၏ ယာဉ်မောင်းများ မောင်းနှင်မှုပုံစံကို သိရှိနိုင်မည့် Telematic စနစ်ကို YRTA Smart Card နှင့် ချိတ်ဆက်ပြီး စောင့်ကြည့်ထိန်းချုပ်သွားမည်စီစဉ်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှ သိရသည်။

အဆိုပါစနစ်တပ်ဆင်ပါကယာဉ်မောင်းများ လမ်းပြောင်းပြန်မောင်းခြင်း၊ ဘရိတ်ကြမ်းကြမ်းနင်းခြင်း၊ မတော်တဆမှုမှတ်တမ်းများနှင့် ယာဉ်မတော်တဆမှုများ စသည့်တို့ကိုတိုက်ရိုက် စောင့်ကြည့်နိုင်ကာ ယာဉ်မောင်းနှင့် တိုက်ရိုက်ပြောဆိုခြင်း၊ အရေးပေါ်အကူအညီတောင်းခံမှုများကိုပါ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း YRTA မှ မန်နေဂျင်းဒါရိုက်တာ ဦးညီညီအောင်က ပြောသည်။

“မရပ်သင့်တဲ့နေရာရပ်မယ်၊ ကားမှတ်တိုင်မဟုတ်တဲ့နေရာပေါ့။ ကားပျောက်တဲ့ယာဉ်ပိုင်ရှင်တွေလည်း လှမ်းဆက်သွယ်နိုင်မယ်။ ဒီစက်တွေက ကားအောက်ပိုင်းမှာတပ်တာဆိုတော့ မမြင်ရဘူး။ ဒါတွေကို ဖျက်ဆီးတာက ယာဉ်မောင်းတွေက ကတ်ကြေးနဲ့ဝါယာကြိုးကိုဖြတ်တယ်။ ဘရိတ်ဘယ်လောက်အုပ်သလဲဆိုတာက အစသိနိုင်တယ်ဓဟု ၎င်းကဆိုသည်။

ထို့ပြင် အဆိုပါ Telematic  စနစ်တွင် ခရီးစဉ်လမ်းကြောင်းကြာချိန်၊ ယာဉ်ထွက်ခွာချိန်၊ ရောက်ရှိချိန်၊ သတ်မှတ်မိုင်နှုန်း မောင်းနှင်ခြင်း ရှိ၊မရှိ၊ ထိုင်ခုံခါး ပတ်ပတ်ထားခြင်း ရှိ၊မရှိ၊ ဘရိတ်နင်းသည့် အကြိမ်အရေအတွက် စသည့်အချက်များကို Yangon Bus Operator ကတဆင့် တိုက်ရိုက် ကြည့်ရှုထိန်းချုပ်သွားမည်ဖြစ်ကြောင်း YRTA ထံမှ သိရသည်။

လက်ရှိတွင် YBS ယာဉ်မောင်းများကို YBS ယာဉ်မောင်း စမတ်ကတ် ၈၉၀၀ ကျော်ထုတ်ပေးထားပြီး YRTA Smart Card မှတစ်ဆင့် စည်းကမ်းဖောက်ဖျောက်သည့် YBS ယာဉ်မောင်းများကို တိုက်ရိုက်ဆက်သွယ်ထိန်းချုပ်နိုင်သည့် Telematic စနစ်ကို လတ်တလောတွင် ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ၏ YBS ယာဉ်များတွင် စတင်စမ်းသပ်နေကြောင်း သိရသည်။

ယင်း YBS ယာဉ်များတွင် စမ်းသပ်မှုများ အောင်မြင်ပါက YBS ယာဉ်များ အားလုံးတွင် Telematic စနစ်ကိုချိတ်ဆက်အသုံးပြုနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း YRTA ထံမှသိရသည်။

S-05