News

POST TYPE

NEWS

ကျေးရွာရာအိမ်မှူးတစ်ဦးက အစိုးရထောက်ပံ့ငွေများအား အလွဲသုံးစားလုပ်သည်ဟုဆိုကာ တိုင်ကြား
06-Aug-2020
လက်ပံတန်း၊ သြဂုတ် ၅

လက်ပံတန်းမြို့နယ် ကြို့ပင်စခန်း ကျေးရွာအုပ်စု ကညင်တန်းကျေးရွာမှ  ရွာခွဲတာဝန်ခံတစ်ဦးသည် နိုင်ငံတော်အစိုးရက ပေးသည့် ထောက်ပံ့ငွေများအား ကိုယ်ကျိုးအတွက် အလွဲသုံးစားလုပ်နေသည်ဟု ဆိုကာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးထံ သြဂုတ်လ ၄ ရက်နေ့က တိုင်ကြားထားကြောင်း ဦးဆောင်တိုင်ကြားသူတစ်ဦးက ပြောကြားသည်။

ရွာခွဲတာဝန်ခံရာအိမ်မှူးတစ်ဦးသည် ကျေးရွာနေလက်လုပ်လက်စားစာရင်းများအား ပေးပို့ခြင်းမရှိဘဲ လယ်သမား၊ ဝန်ထမ်းများ၊ လူလတ်တန်းစားများနှင့် ၎င်း၏ဆွေမျိုးသားချင်းများ၊ တစ်အိမ်တည်းနေသူ နှစ်ဦးမှသုံးဦးအထိ စာရင်းထည့်၍ တစ်ဦးကိုသာ ထောက်ပံ့ငွေပေးပြီး ကျန်ငွေများအား ကိုယ်ကျိုးအတွက်အသုံးပြုခြင်း၊ အမည်ထပ်နေသူများကို ခွဲဝေပေးထားခြင်း၊ ဆင်းရဲသားလူတန်းစားအား မချေမငံပြောဆိုဆက်ဆံခြင်း၊ ခြိမ်းခြောက်ပြောဆိုခြင်း၊ တန်းတူအခွင့်အရေးမပေးဘဲ တစ်ဖက်သက်အုပ်ချုပ်ခြင်းများ ပြုလုပ်နေ၍ တိုင်ကြားရခြင်းဖြစ်ကြောင်း ဦးဆောင်တိုင်ကြားသူက ရှင်းပြသည်။

“အစိုးရထောက်ပံ့ကြေး တစ်ကြိမ်တစ်ခါမှ ကျွန်မတို့မရပါဘူး။ ငွေတွေပေးတဲ့အခါမှာ ညီမတို့ကို နွားတွေမွေးတယ်ပေါ့။ နွားမွေးသူတွေ မရဘူးဆိုပြီး မပေးဘူး။ မပေးရင်လည်း လူတန်းစေ့မပေးနဲ့ပေါ့။ အခုသူတို့က လယ်သမားတွေပေးတယ်။ ရွာမှာ တကယ်မရှိဆင်းရဲတဲ့သူတွေ မရဘူး” ဟု ကညင်တန်းကျေးရွာနေ ဒေါ်စန်းစန်းစိုးက ပြောဆိုသည်။ 

အစိုးရက အလုပ်အကိုင်အတည်တကျမရှိသူများကို တတိယအကြိမ်အဖြစ် ကျပ်နှစ်သောင်းပေးရာတွင် ရွာခွဲတာဝန်ခံမှ  နီးစပ်ရာများနှင့် ၎င်း၏ဆွေမျိုးသားချင်းများကိုသာပေးအပ်ပြီး လက်လုပ်လက်စားများအား တစ်ကြိမ်တစ်ခါမျှမပေးဘဲ  စာရင်းပါသူများ၏ လက်မှတ်များအား အတုလုပ်၍လည်း တင်ပြထားသည်ကို တွေ့ရှိထားသည်ဟု ဒေသခံများ၏အဆိုအရ သိရသည်။

လက်ပံတန်းမြို့နယ်တွင် ကျေးရွာ အုပ်စုပေါင်း ၅၃ အုပ်စုရှိပြီး ရပ်ကွက်နှင့်ကျေးရွာအုပ်စုအလိုက် နိုင်ငံတော်အစိုးရက ပေးအပ်သော ဆင်းရဲနွမ်းပါး အိမ်ထောင်စုဝင်များအတွက် တတိယအကြိမ် ထောက်ပံ့ကြေးငွေ(၂၀ဝ၀ဝ)ကျပ်စီကို ဇူလိုင်လ ၃၁ ရက်နေ့နံနက်ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများအားပေးအပ်ခဲ့ကြောင်း၊ လက်ပံတန်းမြို့နယ်တွင် အိမ်ထောင်စုပေါင်း ၄၃,ဝ၀ဝ ကျော်ရှိ၍ မရှိဆင်းရဲသား အိမ်ထောင်စု ပေါင်း ၂၉,ဝ၀ဝ ကျော်ကို ထောက်ပံ့ပေးထားရာ ၆၅ ရာခိုင်နှုန်း ထောက်ပံ့ပေး ထားပြီးဖြစ်ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှတ်တမ်းများအရ သိရသည်။                         

R-06