News

POST TYPE

NEWS

ဧရာဝတီတိုင်းရှိ မြို့နယ်သုံးခုတွင် မြစ်ရေဝင်၊ ကမ်းပြို
05-Aug-2020
အင်္ဂပူတွင် ဧရာဝတီမြစ်ရေဝင်၍ နွား၊ ဆိတ်များကို ဘေးလွတ်ရွှေ့ ပြောင်းပေးနေစဉ်။

ပုသိမ်၊ သြဂုတ် ၄

ဧရာဝတီတိုင်းအတွင်းရှိ အင်္ဂပူ၊ မြန်အောင်နှင့် မအူပင်မြို့နယ်တို့တွင် မြစ်ရေဝင်ခြင်းနှင့် မြစ်ကမ်းပါးရေကာတာများ ရေတိုက်စား၍ ကမ်းပါးပြိုကျမှုများဖြစ်နေကြောင်း ဒေသခံအုပ်ချုပ်ရေးအဖွဲ့များထံမှ သိရသည်။

သြဂုတ်လ ၃ ရက်နေ့က အင်္ဂပူမြို့နယ်ရှိ နံကပ်ကြီးကျေးရွာနှင့် နံကပ်ပြင်စုကျေးရွာတွင် ဧရာဝတီမြစ်ရေဝင်မှုကြောင့် နွား ၁၀၇ ကောင်နှင့် ဆိတ် ၃၆ ကောင်ကို တိရစ္ဆာန်အသက်ကယ်ကုန်းသို့ ရွှေ့ပြောင်းခဲ့ရကြောင်း၊ ခွေးတောက် ချောင်းကျေးရွာအုပ်စုရှိ ခွေးတောက်ချောင်းကျေးရွာနှင့် လန်ဒါကျေးရွာတို့တွင် ဧရာဝတီရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျ၍ အိမ် ၅၉ လုံးကို ဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းခဲ့ရကြောင်း ဒေသခံများက ပြောဆိုသည်။

ထို့အပြင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြန်အောင်မြို့ လွန်ဆေးမြိုင် ပန်းခြံအနီး တာမိုင် ၆/၇ နှင့် ၇/ဝ အကြားတွင် ကမ်းပြိုမှုများ ဆက်တိုက်ဖြစ်ပေါ်နေသဖြင့် ကာကွယ်ရေးလုပ်ငန်းများကို အရပ်ဘက်အဖွဲ့အစည်းများ၊ တပ်မတော်တပ်ရင်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိများ စုပေါင်းလုပ်ဆောင်နေကြရသည်။

ကျေးရွာပေါင်း ၁၀ဝ ကျော်ကို ကာကွယ်ပေးထားသည့် မအူပင်မြို့နယ် အောက်ထုံးပေါက်ရွာအနီးရှိ ရေကာတာမှာလည်း မြစ်ရေတိုက်စားခံနေသဖြင့် ကမ်းပါးပြိုနေရာ ရေကာတာနောက်ဘက်ရှိ ရွာများနှင့် ပေ ၉၀ ခန့်သာကွာတော့ကြောင်း အုပ်ချုပ်ရေးအဖွဲ့အဆိုအရ သိရသည်။  

"ကိုဗစ်ကြောင့် အလုပ်အကိုင်ပျက်ပြီး လူမှုဘဝရပ်တည်ရေး အခက်ကြုံနေချိန်မှာ အခုလိုရေနစ်မြုပ်တာနဲ့ ကမ်းပြိုတဲ့ ဘေးတွေကြောင့် လုပ်ငန်းတွေ ထပ်ပျက်ရမယ်ဆိုရင် ဘဝရပ်တည်ရေးနဲ့စားဝတ်နေရေးအခက်အခဲတွေ ပိုရှိလာမှာကို ဒေသခံတွေ စိုးရိမ်ပူပန်နေကြတယ်" ဟု ဧရာဝတီတိုင်း လူမှုကယ်ဆယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောဆိုသည်။

ဟင်္သာတမြို့၏ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်သည် ၁၃၄၂ စင်တီမီတာ ဖြစ်ပြီး သြဂုတ် ၄ ရက်နေ့ တိုင်းတာချက်အရ ၁၃၆၉ စင်တီမီတာတွင်ရှိနေ၍ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေရာ နောက်သုံးရက်အတွင်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်ရှိနေမည်ဖြစ်ကြောင်း ဧရာဝတီတိုင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားသည့်အတွက် မြစ်ဝကျွန်းပေါ်ဒေသခံများ စိုးရိမ်လျက်ရှိနေသည်။

R-04